သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်အရေး ဆွေးနွေးဖို့ အိန္ဒိယအမျိုးသား လုံခြုံရေးအကြံပေး မြန်မာနိုင်ငံရောက်


အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး Ajit Kuma Doval ဟာ မနေ့က သမ္မတဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်ရေးရာ လုံခြုံရေးနဲ့ သတင်းအချက်အလက် ဖလှယ်ရေးတို့ကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။

အိန္ဒိယဘက်က မြန်မာ့နယ်စပ်ကိုကျော်ပြီး နာဂသူပုန်တို့ကို စစ်ဆင်ရေး လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက်ပိုင်း အိန္ဒိယအစိုးရတွင်း အရေးပါတဲ့ ပုဂ္ဂိုလ်တဦးရဲ့ ခရီးစဉ် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ မသိင်္ဂီထိုက်က စုစည်း တင်ပြထားပါတယ်။

အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး Ajit Kuma Doval နဲ့ သမ္မတဦးသိန်းစိန်တို့ နေပြည်တော် မှာ တွေ့ဆုံပြီး နယ်စပ်ဒေသ လုံခြုံရေးကို အဓိကထား ဆွေးနွေးခဲ့ကြတယ် လို့ ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“ကျနော်တို့ နေ့လည် ၁၁ နာရီလောက်က တွေ့ပါတယ်ခင်ဗျ။ တွေ့ပြီးတော့မှ ဆွေးနွေးတဲ့ အကြောင်းအရာကတော့ ပထမတချက်က နိုင်ငံ နှစ်နိုင်ငံကြား ဆက်ဆံရေး ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ဖို့၊ နှစ်ကတော့ နှစ်နိုင်ငံကြားမှာ နယ်စပ်ဒေသ လုံခြုံရေးအပြင် လုံခြုံရေး၊ ကာကွယ်ရေးအပြင် သတင်းအချက်အလက် ဖလှယ်ရေးဆိုတဲ့ ကဏ္ဍအ၀၀မှာ ပူးပေါင်းဆောင်ရွက်ရေး ဒါကိုပဲ ဆွေးနွေးပါတယ်ခင်ဗျ။”

ဒီလ ပထမပတ် အတွင်းမှာဘဲ အိန္ဒိယ စစ်တပ်နဲ့ နာဂ သူပုန် အဖွဲ့ National Socialist Council of Nagaland ရဲ့ Khaplang အဖွဲ့ခွဲ NSCN- Khaplang တို့ နှစ်ဘက် တိုက်ပွဲတွေဖြစ် နှစ်ဘက် အကျအရှုံးရှိခဲ့ပြီး အိန္ဒိယစစ်တပ်က မြန်မာနိုင်ငံထဲအထိ ဝင်ရောက်ပြီး သူပုန်တို့ကို ချေမှုန်းခဲ့တယ်လို့ ပြောဆိုခဲ့တာပါ။ မြန်မာဘက်ကတော့ အိန္ဒိယတို့နယ်စပ် ဖြတ်ကျော် တိုက်ခိုက်ခဲ့တာ မရှိဘူးလို့ တုံ့ပြန်ပါတယ်။ နာဂသူပုန်တို့ဟာ မြန်မာဘက်ကို အခြေစိုက်ပြီး အိန္ဒိယအစိုးရကို တော်လှန်နေတယ်လို့ အိန္ဒိယဘက်က ပြောဆိုနေပေမဲ့ မြန်မာဘက်ကတော့ နှစ်နိုင်ငံဘက်တို့မှာ နာဂတိုင်းရင်းသားတွေ နေထိုင်နေကြတာမို့ နှစ်ဘက်တို့ ရောထွေးပြီး ထင်ယောင်ထင်မှား ဖြစ်နိုင်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူးက ပြောခဲ့တာပါ။ အိန္ဒိယသတင်းတွေမှာတော့ ဒီလအစောပိုင်း တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ အမျိုးသား လုံခြုံရေး အကြံပေးဟာ မြန်မာအစိုးရနဲ့ အကြေအလည် ဆွေးနွေးဖို့ ရှိတယ်လို့ ခန့်မှန်း ရေးသားနေကြပေမဲ့ ဗုဒ္ဓဟူးနေ့ သမ္မတ ဦးသိန်းစိန်နဲ့ ဆွေးနွေးမှုမှာတော့ တိုက်ပွဲတွေကိစ္စ မပါခဲ့တဲ့အကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“မရှိပါဘူးခင်ဗျ။ အဲဒီကိစ္စတော့ ကျနော်တို့ သီးခြားအနေနဲ့ ဆွေးနွေးတာ မရှိပါဘူး။ ကျနော်တို့က နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ခြုံငုံတဲ့ အချက်တွေကိုပဲ ဆွေးနွေးတာပါ။ ခင်ဗျားပြောတဲ့ကိစ္စကို သီးခြားဆွေးနွေးတာ မရှိပါဘူး။ သမ္မတကြီးနဲ့တွေ့တာတော့ ကျနော်လည်း တက်ရပါတယ်။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းဖို့ကိစ္စနဲ့ နယ်စပ်ဒေသ လုံခြုံရေးအပြင် လုံခြုံရေး ကာကွယ်ရေး ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စ နောက်တခါ သတင်းအချက်အလက် ဖလှယ်ဖို့ကိစ္စ ဒါတွေကိုပဲ ကျနော်တို့ ပြောပါတယ်။ ကျနော်ကတော့ သမ္မတကြီးနဲ့ ဆွေးနွေးပွဲတခုပဲ ကျနော်တက်တော့ ကျနော်တော့ မသိဘူးပေါ့ဗျာ။ ဟိုဘက်မှာတော့ ဝန်ကြီး ဦးအောင်မင်းတို့၊ ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့အတူ ထပ်တွေ့မယ်ထင်တယ်။ ကျနော်လည်း အဲဒီအစီအစဉ်တွေ အသေးစိတ်တော့ ကျနော်လည်း မသိဘူးဗျ။”

သမ္မတ ဦးသိန်းစိန်နဲ့ ဆွေးနွေးပြီး နောက်မှာတော့ အိန္ဒိယ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး မစ္စတာ Doval ဟာ မကြာခင်ကမှ ပါကစ္စတန်နိုင်ငံကို သွားရောက်ခဲ့တဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ စစ်တပ်အချင်းချင်း ဆက်ဆံရေး၊ နယ်စပ်ဒေသ လုံခြုံရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ အိန္ဒိယဘက်ကတော့ မြန်မာအစိုးရဟာ နယ်စပ်ဒေသ မြန်မာဘက်ခြမ်းကို ခြေကုပ်ပြီး အိန္ဒိယ အစိုးရကို တိုက်ခိုက်နေတဲ့ နာဂသူပုန်တွေကို ပူးပေါင်းတွန်းလှန်ဖို့ အစဉ်တစိုက် တောင်းဆိုနေသလို မြန်မာဘက်ကလည်း မြန်မာ့နယ်နမိတ်အတွင်းမှာ နေပြီး နိုင်ငံခြားတိုင်းပြည်တွေကို တိုက်ခိုက်နေတာတွေကို လုံး၀ ခွင့်ပြုမှာ မဟုတ်ဘူးလို့ တစိုက်မတ်မတ် ပြောဆိုနေတာပါ။ ဒါပေမဲ့လည်း နှစ်နိုင်ငံကြား နာဂသူပုန်အရေး အဖြေမရနိုင်ကြသေးပါဘူးရှင်။

XS
SM
MD
LG