သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝဏ္ဏမောင်လွင် အိန္ဒိယရောက်


မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အိန္ဒိယ-မြန်မာ ပူးတွဲ အကြံပေးအဖွဲ့ ဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် နယူးဒေလီမြို့ကို ရောက်ရှိနေပြီး ၀န်ကြီးချုပ် Narendra Modi နဲ့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဖို့ ရှိပါတယ်။ ၀န်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အိန္ဒိယစစ်တပ်က မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ နာဂ လက်နက်ကိုင် သောင်းကျန်းသူတွေကို ၀င်ရောက်တိုက်ခိုက်ပြီး တလအကြာမှာ အိန္ဒိယကို အခုလို သွားရောက်တာလည်း ဖြစ်ပါတယ်။

သောကြာနေ့မှာတော့ ၀န်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ နှစ်နိုင်ငံ ပူးတွဲ အကြံပေးကော်မရှင် (JCC) ဆွေးနွေးပွဲ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj နဲ့အတူ ပူးတွဲ ဦးဆောင် ကျင်းပမှာ ဖြစ်ပါတယ်။ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာတဲ့ ၀န်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အိန္ဒိယနိုင်ငံကို အင်္ဂါနေ့က ရောက်ရှိလာတာဖြစ်ပြီး ခရီးစဉ်ဟာ ၄ ရက်ကြာမှာ ဖြစ်ပါတယ်။ ဒီ JCC ကော်မရှင်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီး အိန္ဒိယနိုင်ငံကို ၂၀၀၃ ခုနှစ် ဇန်န၀ါရီလက သွားရောက်လည်ပတ်စဉ် စတင်ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဒီ JCC ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံအကြား ပူးတွဲ ဆောင်ရွက်ခဲ့ကြတဲ့ ကိစ္စရပ် အများအပြားအပြင် နှစ်ဖက် ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်အောင် ရှေ့လျှောက် ဘယ်လို ဆောင်ရွက်သွားကြမလဲ ဆိုတာတွေကို ဆွေးနွေးကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာတွေမှာ နှစ်နိုင်ငံအကြားက အကျိုးတူ ကိစ္စရပ်ဆိုင်ရာတွေကို အမြင်ချင်းဖလှယ်တာတွေလည်း ဒီဆွေးနွေးပွဲမှာ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။

ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ နယူးဒေလီမြို့မှာရှိတဲ့ အိန္ဒိယနိုင်ငံခြားရေးဌာနနဲ့ Jaipur မြို့တို့ကိုလည်း သွားရောက် လည်ပတ်ကြမယ်လို့ ဆိုပါတယ်။

အိန္ဒိယတပ်ဖွဲ့ဝင်တွေကို နာဂသူပုန်အဖွဲ့က ဇွန်လ ၄ ရက်နေ့က ခြုံခို တိုက်ခိုက်ခဲ့တဲ့အတွက် အိန္ဒိယတပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံးခဲ့ရတာကို လက်စားခြေတဲ့အနေနဲ့ မြန်မာနိုင်ငံထဲမှာရှိနေတဲ့ နာဂသူပုန်တွေကို အိန္ဒိယစစ်တပ်က ဇွန်လ ၉ ရက်နေ့မှာ ၀င်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာလည်း အိန္ဒိယနိုင်ငံကို အခုလကုန်ပိုင်းမှာ သွားရောက်ဖို့ရှိပြီး ၀န်ကြီးချုပ် Narendra Modi အပါအ၀င် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

XS
SM
MD
LG