သုံးရလွယ်ကူစေသည့် Link များ

ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ဖို့ အိန္ဒိယပြင်ဆင်


အိန္ဒိယနိုင်ငံ၊ New Delhi မြို့က ရိုဟင်ဂျာဒုက္ခသည်စခန်း

အိန္ဒိယနိုင်ငံအတွင်းမှာ တရားမ၀င်ရောက်နေတဲ့ ရိုဟင်ဂျာလို့ဆိုသူတွေကို မြန်မာနိုင်ငံ ကိုပြန်ပို့မယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး တရားဝင်အကြောင်းကြားစာကို ဒီကနေ့အထိ လက်ခံရရှိထားတာ မရှိသေးတဲ့အကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန် ရှိသူတဦးက ပြောပါတယ်။ အကြောင်းကြားစာ ရလာမယ်ဆိုရင်လဲ တရားဝင်လုပ်ထုံးလုပ်နည်းအတိုင်း စိစစ် ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အိန္ဒိယနိုင်ငံမှာ တရားမ၀င်ရောက်နေတဲ့ ရိုဟင်ဂျာတွေကို ဖမ်းဆီးပြီး မြန်မာပြည် ကိုပြန်ပို့ဖို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ဌာန အစည်းအဝေး မှာ ဆွေးနွေးနေကြောင်းနဲ့ လောလောဆယ် အိန္ဒိယနိုင်ငံ မှာ ၀င်ရောက်နေသူ ၄ သောင်းလောက်ရှိကြောင်း ပြီးခဲ့တဲ့ရက်တွေက အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြကြတာပါ။ အဲဒီလိုရောက်နေသူတွေဟာ ဂျမူးနဲ့ ကက်ရှ်မီးယား ပြည်နယ်မှာ ၁သောင်းလောက်နဲ့ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR မှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူ ၁သောင်းခွဲနီးပါး လောက်ရှိနိုင်ကြောင်းလည်း ဖော်ပြပါတယ်။

အဲဒီလို တရားမ၀င်ဝင်ရောက်နေသူတွေ ပြန်ပို့မယ်ဆိုတာနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံဖက်က တရားဝင် အကြောင်းကြားတာကို ဒီကနေ့ထိ မသိရသေးကြောင်း မြန်မာနိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ဒီနေ့အကြောင်းကြားထားလားဆိုတော့ ဒီနေ့အထိတော့ ကျနော်တို့ဆီရောက်မလာသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆင့်ကဲဆင့်ကဲ ဌာနတွေကနေပြီးတော့ စိစစ်တာပေါ့လေ။ ပြောရမယ်ဆိုရင်တော့ ဒီနေ့ဒီအချိန်ထိတော့ ကျနော်မဖတ်ရသေးဘူးလို့ ပြောလို့ရပါတယ်။”

တရားဝင် အကြောင်းကြားစာရရင်တော့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်မယ့် အကြောင်းလဲ ဦးကျော်ဇေယျက ပြောပါ တယ်။

“စစ်ဖို့လိုတယ်လေ၊ ဒါက သက်ဆိုင်ရာအိမ်ရှင်နိုင်ငံနဲ့ ညှိပြီးတော့ ဟိုက သွားစစ်၊ စစ်ပြီးတော့ ကျနော်တို့ကလည်း Team နဲ့ စစ်ပြီးတော့ အခါကျမှ ဒီဘက်မှာ ကျနော်တို့က လ၀က ကို ပြန်ပို့လ၀က ကနေပြီးတော့ ဆင့်ကဲဆင့်ကဲစစ်ပြီးတဲ့အခါကျတော့မှ ဟုတ်တယ် ဒီလူတွေကတော့ ကိုယ့်နိုင်ငံမှာ နေခဲ့တဲ့ အထောက်အထားရှိတဲ့လူတွေဖြစ်တယ်ဆိုရင်တော့၊ ကိုယ့်နိုင်ငံမှာ နေခဲ့တဲ့ အထောက်အထား ခိုင်ခိုင်မာမာ တင်ပြနိုင်ရင်တော့ ပြန်လက်ခံရမှာပေါ့လေ။”

အိန္ဒိယမြန်မာနယ်စပ်က မြန်မာဒုက္ခသည်စခန်းတခုရဲ့ တာဝန်ခံဟောင်း ကိုနေမျိုးက သူတို့ဆီကို မြန်မာနိုင်ငံကဆိုပြီး အိန္ဒိယ အာဏာပိုင်တွေက လာရောက်ပို့ဆောင်သူတွေ ရှိခဲ့ဖူးကြောင်း အခုလို ပြောပါတယ်။

“သူတို့ကို ဖမ်းမိသွားတာက မိုးရေးမြို့မှာ သူတို့က ဘယ်ကလာသလဲ ဆိုတော့ မြန်မာပြည်ဘက်ကနေပြီးတော့ ကူးလာတာပေါ့နော် ။ ကူးလာပြီးတော့ အိန္ဒိယမှာ တခြားနိုင်ငံကနေ ၀င်လာတဲ့ နိုင်ငံခြား ခိုးဝင်ပုဒ်မနဲ့ ထောင်ထဲ ထည့်ထားတာပေါ့လေ။ ပြစ်ဒဏ်ပြည့်ပြီး ပြန်လွှတ်ပေးမယ်ဆိုတော့ သူတို့လာတာ ဘယ်ကလာသလဲဆိုတော့ မိုးရေး ဘက်က လာတယ်ဆိုတော့ မြန်မာပြည်ဘက်ပြန်ပို့ တယ်၊ မြန်မာပြည်ကလည်း ဒီဟာကို ငြင်းတယ်ပေါ့နော်၊ ငြင်းတဲ့အခါကျတော့ ကျနော်တို့ စခန်းမှာ ထားလို့ရမရ အိန္ဒိယကလည်း လာပြောတယ်ပေါ့နော်။ အိန္ဒိယအစိုးရက တရားဝင်လာပို့တဲ့အချိန်မှာတော့ ၁၄ ယောက်ရှိတယ်။ မြန်မာလို သူတို့ပြောတာတွေက တတ်တတ်ကျွမ်းကျွမ်းနဲ့ သူတို့ ပြောတာတွေလုံးဝမရှိဘူး။ ဥပမာ-နေရပ်လိပ်စာမေးရင်တော့ သူတို့ ဘူးသီးတောင်၊ မောင်တောပေါ့နော်။ အဲလိုမျိုးတွေပြောတယ်၊ သူတို့အဖေအမေတွေကိုပြောတယ်။ သူတို့အားလုံးကတော့ ဒီ အစ္စလာမ်ဘာသာဝင် တွေရဲ့ နာမည်ပဲနော်။”

ဒီလိုပို့ဆောင်တာ ၂၀၁၂ ခုနှစ်ကဖြစ်ပြီး သူတို့ကို သီးခြားနေရာချထားခဲ့ရာက နောက်ပိုင်းမှာ အိန္ဒိယ အာဏာပိုင်တွေက အိန္ဒိယ- မြန်မာနယ်စပ် မိုးရေးမြို့ကို ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

မိုးရေးမြို့ကနေ နယူးဒေလီကိုသွားရောက်ပြီး UNHCR မှာ ဒုက္ခသည်အဖြစ် လျှောက်ထားသူတွေကိုလည်း တွေ့ဆုံခဲ့ဖူးကြောင်း ကိုနေမျိုးက ပြောပါတယ်။

သတင်းတွေထဲမှာ ဖော်ပြထားတဲ့ ဒုက္ခသည် ၁ သောင်းခွဲဆိုတဲ့အရေအတွက်ဟာ ဟုတ်ချင်မှဟုတ်မယ်လို့ နယူးဒေလီမြို့မှာ လက်ရှိနေထိုင်နေတဲ့ UNHCR အသိအမှတ်ပြု မြန်မာဒုက္ခသည်တဦးကပြောပြီး များတာတော့ တော်တော်များတယ်လို့ ပြောပါတယ်။

“အိန္ဒိယအစိုးရကပေါ့ဗျာ အရင်တုန်းက လက်မခံရကနေပြီးတော့ အိန္ဒိယ ဗဟိုအစိုးရနဲ့ UNHCR ဘယ်လိုနားလည်မှုရလဲမသိဘူး။ နောက်ပိုင်းသူတို့လက်ခံလို့ ပြုံပြီးတော့အများကြီးရောက်လာပြီးတော့ ကျနော်တို့ ရှိတဲ့ စုစုပေါင်းအရေအတွက်ထက်များသွားတယ်။”

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ ဘင်္ဂလားဒေရှ်နိုင်ငံကို လူ ၆ သောင်းလောက် ထွက်ပြေးခိုလှုံနေကြောင်း UNHCR က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG