သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရှိ ရိုဟင်ဂျာတွေ ပြန်ပို့ခံရမှာစိုးရိမ်


အိန္ဒိယမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ၇ ဦးကို မြန်မာနိုင်ငံဘက် ပြန်ပြီး လွှဲပြောင်းပေးလိုက်ပြီးနောက်မှာ ကျန်ရှိနေတဲ့ သူတွေလည်း ဌာနေပြန်ပို့ခံရမယ့် အရေးအပေါ် စိုးရိမ်နေကြပါတယ်။ အိန္ဒိယမှာ လက်ရှိ နေထိုင်နေတဲ့ ရိုဟင်ဂျာ တဦး ဖြစ်သူ Sahidullah က အခုလို ပြောပါတယ်။

"ကိုယ်ရဲ့ မွေးရပ်မြေမှာ လွတ်လပ်စွာ သွားလာခွင့် မရှိပါဘူး။ သွားတာလာတာ စားတာ သောက်တာက အစ တားမြစ် ကန့်သတ်ခံနေကြရပါတယ်။ ဒီပြဿနာကို နိုင်ငံတကာ အဆင့် မဖြေရှင်းနိုင်သေးသမျှတော့ မပြန်ပါဘူးလို့ ပြောသွားတာပါ။"

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အိန္ဒိယနိုင်ငံထဲကို တရားမဝင် ဝင်ရောက်မှုနဲ့ ၂၀၁၂ ခုနှစ်ကတည်းက ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ ၇ ဦးကို မြန်မာအာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့တာပါ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံတဲ့ မြန်မာ အစိုးရဘက်ကတော့ အိန္ဒိယဘက်က လွှဲပြောင်းပေးခဲ့သူတွေကို လက်သင့်ခံခဲ့ပေမယ့် ဘယ်လိုပုံစံ လက်ခံခဲ့သလဲဆိုတာ မသိရပါဘူး။ အိန္ဒိယမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည် ၁ သောင်းခွဲကျော်က ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ထုတ်ပေးထားတဲ့ ဒုက္ခသည် အသိအမှတ်ပြုကဒ်တွေ ရရှိထားသူတွေပါ။ ဒါပေမယ့် အိန္ဒိယဘက်ကတော့ ကုလသမဂ္ဂရဲ့ အသိအမှတ်ပြု ကဒ်တွေကို လက်မခံဘူးလို့ ပြောဆိုထားသလို ရိုဟင်ဂျာတွေကို ဌာနေပြန်ပို့တဲ့ ကိစ္စက အန္တရာယ်ကြုံရနိုင်တဲ့ ဒေသကို ဒုက္ခသည်တွေ ပြန်မပို့ရဆိုတဲ့ မူဆကို ချိုးဖောက်ရာ ရောက်တယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ ရပ်တည်ချက်ကိုလည်း ပယ်ချထားပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ် နရိန္ဒရာ မိုဒီရဲ့ အစိုးရဘက်က ရိုဟင်ဂျာ မူဆလင် အားလုံးကို ဌာနေပြန်ပို့လိုတယ်လို့ ပြောဆိုတာကြောင့်လည်း အိန္ဒိယမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေကြား စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ အိန္ဒိယ ရွေးကောက်ပွဲကလည်း နီးလာပြီဖို့ လူကြိုက်များစေမယ့် ဗျူဟာအဖြစ် သူတို့ကို ပစ်မှတ်ထားလာမယ့် အရေးကို ရိုဟင်ဂျာတွေ စိုးရိမ်နေကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG