ဆယ်စုနှစ်များစွာအတွင်း အိန္ဒိယနဲ့ အရှေ့တောင်အာရှက မြန်မာနဲ့ ထိုင်းနိုင်ငံ တို့အကြား ဆက်သွယ်ပေးမယ့် ကီလိုမီတာ ၁,၄၀၀ ရှည်လျားတဲ့ အဝေးပြေး လမ်းမကြီး တည်ဆောက်ဖို့ စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီအဝေးပြေး ကားလမ်းမကြီး တည်ဆောက် ပြီးစီးသွားရင် ၃ နိုင်ငံအကြား ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်တွေကို အရှိန်မြင့် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း ဒုတိယကမ္ဘာစစ် ကတည်းက တည်ဆောက်ခဲ့တဲ့ တံတား ၇၃ ခုကို မော်တော်ယာဉ်တွေ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် အိန္ဒိယနိုင်ငံရဲ့ ငွေကြေး အကူအညီနဲ့ မွမ်းမံ ပြုပြင်နေတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Bhagwant Singh Bishnoi က ပြောပါတယ်။
လာမယ့် ၁၈ လအတွင်း အဲဒီ တံတားတွေ အားလုံး ပြုပြင်ပြီးသွားရင် ၃ နိုင်ငံ လုံးက မော်တော်ယာဉ်တွေ ဒီအဝေးပြေးလမ်းမကြီးပေါ်မှာ သွားလာနိုင်ကြတော့ မယ်လို့ ဆိုပါတယ်။ ဒီအဝေးပြေးလမ်းမကြီးကိုတော့ အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့နဲ့ မြန်မာနိုင်ငံဖက်မှာတော့ တမူးမြို့ကနေ စတင်မှာ ဖြစ်ပါတယ်။
ကီလိုမီတာ ၁,၄၀၀ ရှည်လျားပြီး ထိုင်းနိုင်ငံအတွင်းက Tak ခရိုင်၊ မဲဆောက်မြို့ အထိ ပေါက်မယ့် ဒီ အဝေးပြေးလမ်းမကြီးအတွက် ၃ နိုင်ငံ မော်တော်ယာဉ် သဘောတူညီချက်ကို ဆွေးနွေး ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံဟာ လက်ရှိ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနဲ့ ရရှိထားတဲ့ အကောက်ခွန်မဲ့ ကုန်သွယ်ရေး သဘောတူညီချက်အပြင် RCEP လို့ခေါ်တဲ့ ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ရနိုင်ရေး ဆွေးနွေးဖို့ ပြင်ဆင်နေပါတယ်။