သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါလ်ငလျင်ဘေး အိန္ဒိယ ဒေါ်လာသန်း ၂၅၀ လှူ


အိန္ဒိယနိုင်ငံဟာ နီပေါလ်နိုင်ငံရဲ့ ငလျင်ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အပါအဝင် ပို့ဆောင်ရေးနဲ့ လျှပ်စစ်စီမံကိန်းတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၂၅၀ သုံးစွဲသွားဖို့ ကတိပြုလိုက်ပါတယ်။ မပြေမလည်ဖြစ်နေတဲ့ ဆက်ဆံရေး ပြန်လည် ကောင်းမွန်အောင် နှစ်နိုင်ငံစလုံးက ကြိုးပမ်းတဲ့အနေနဲ့ နီပေါလ်ဝန်ကြီးချုပ် Khadga Prasad Oli အိန္ဒိယနိုင်ငံကို အလည်ရောက်ရှိစဉ် အဲဒီ သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။
နယူးဒေလီမြို့မှာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ စနေနေ့က တွေ့ဆုံအပြီး အနာဂတ်ကို ရှေ့ရှုလုပ်ဆောင်ဖို့ အချိန်တန်ပြီလို့ နီပေါလ်ဝန်ကြီးချုပ်က ပြောပါတယ်။ လွန်ခဲ့တဲ့လ အနဲငယ်အတွင်း တည်ရှိခဲ့တဲ့ နားလည်မှု လွဲမှားမှုတွေ မရှိတော့တဲ့အကြောင်း၊ အိန္ဒိယနဲ့ နီပေါလ်နိုင်ငံတို့ရဲ့ ဆက်ဆံရေးမှာ အနာဂတ်ကို မျှော်မှန်းပြီး လုပ်ဆောင်ကြဖို့ အချိန်ကျရောက်နေပြီဖြစ်ကြောင်း ဝန်ကြီးချုပ် Oli က သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။
အိန္ဒိယနဲ့ နီပေါလ်နှစ်နိုင်ငံအကြားမှာရှိတဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ဒေသခံ လူမျိုးစုတွေရဲ့ ဆန္ဒပြမှုတွေကြောင့် ကုန်းတွင်းပိုင်း နီပေါလ်နိုင်ငံအတွင်းက အခြေခံ လူသုံးကုန်ပစ္စည်းတွေ ရှားပါးမှုတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံ ဆက်ဆံရေးတွေ လွန်ခဲ့တဲ့ လအနဲငယ်အတွင်း တင်းမာခဲ့တာပါ။
အဲဒီ လူမျိုးစုတွေနဲ့ နီးစပ်စွာ ဆက်ဆံမှုရှိတဲ့ အိန္ဒိယအစိုးရက စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့တာလို့ နီပေါလ်အစိုးရက စွပ်စွဲ ပြောဆိုခဲ့ပြီး လောင်စာဆီလို အရေးပါတဲ့ အသုံးဆောင်ပစ္စည်းတွေကို တရုတ်နိုင်ငံက တင်သွင်းခဲ့ပါတယ်။ ဆန္ဒပြပွဲတွေ အခုလ အစောပိုင်းမှာ ရပ်ဆိုင်းခဲ့တဲ့အတွက် တင်းမာမှုတွေ အတိုင်းအတာတခုအထိ လျော့ကျသွားပါတယ်။

XS
SM
MD
LG