သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယက ပြည်နှင် ဒဏ်ပေးတဲ့ အမေရိကန် သံအရာရှိ ဌာနေ ပြန်ခေါ်


အိန္ဒိယသံတမန် Devyani Khobragade
အိန္ဒိယသံတမန် Devyani Khobragade
အမေရိကန်ပြည်ထောင်စုကို ဗီဇာ လိမ်လည်မှုနဲ့ တရားစွဲဆိုခံရပြီး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီးတဲ့နောက် အိန္ဒိယသံတမန် အမျိုးသမီး Devyyani Khobragade ဟာ အခု အိန္ဒိယနိုင်ငံကို ပြန်သွားပြီဖြစ်သလို၊ နယူးဒေလီမြို့က အမေရိကန်သံရုံးမှာရှိတဲ့ သံတမန် တဦးကို ပြည်နှင်ဒဏ်ပေးဖို့ တောင်းဆိုချက် အပြီး အမေရိကန် သံတမန်တဦးကို ဌာနေကို ပြန်လည်ခေါ်ဖို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။

Khobragade နဲ့ အလားတူ ရာထူးအဆင့်ရှိတဲ့ သံတမန်တဦးကို နယူးဒေလီ အမေရိကန်သံရုံးကနေ ဖယ်ရှားပေးဖို့ အိန္ဒိယဘက် က တောင်းဆိုခဲ့ တာဖြစ်ပါတယ်။ အမေရိကန်ဘက်က ဘယ်သံတမန်ကို ဌာနေ ပြန်ခေါ်မယ် ဆိုတာကို မသိရသေးပါဘူး။ အမေရိကန် လုံခြုံရေးတွေက ကိုဘရာခါဒီ ကို အဝတ်တွေ ချွတ်ပြီး ကိုယ်ပေါ်မှာ ရှာဖွေမှုတွေ လုပ်ခဲ့တာကြောင့် အမေရိကန်နဲ့ အိန္ဒိယအစိုးရကြား သံတမန်ရေး တင်းမာမှုတွေ ဖြစ်ခဲ့ရပါတယ်။

Khobragade ကို သံတမန်ကင်းလွတ်ခွင့် ရုတ်သိမ်းဖို့ အမေရိကန် ပြည်ထောင်စုဘက်က တောင်းဆိုခဲ့တာကို အိန္ဒိယက ပယ်ချလိုက်ပြီးတဲ့နောက် သောကြာနေ့က ကိုဘရာခါဒီ နယူးယောက်မြို့ကနေ အိန္ဒိယနိုင်ငံကို ပြန်သွားခဲ့တာဖြစ်ပါတယ်။ ဗီဇာလိမ်လည်မှုနဲ့ ဖမ်းဆီးခံရချိန်မှာ ကိုဘရာခါဒီဟာ နယူးယောက်မြို့မှာ အိန္ဒိယ လက်ထောက်ကောင်စစ်ဝန်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဘက်ကတော့ သူမအပေါ် စွဲချက်တင်ထားတာတွေကို ရုတ်သိမ်းသွားမှာမဟုတ်ဘဲ၊ တကယ်လို့ သူမအနေနဲ့ အမေရိကန်ပြည်ထောင်စုကို ပြန်လာရင် ဒီစွဲချက်တွေကို ပြန်ပြီး ရင်ဆိုင်ရမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
XS
SM
MD
LG