နျူကလီးယား လက်နက်ပိုင်ရှင် အိမ်နီးချင်းတွေ ဖြစ်ကြတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား ဒီနှစ်ဆန်းပိုင်းက ပြန်စခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေရဲ့ တစိတ်တပိုင်းအဖြစ် ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှု အပြီးမှာတော့ ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်တခုကို ရောက်ပြီလို့ ပထမဆုံး အကြိမ်အဖြစ် ၂ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေက ပြောဆိုလိုက်ကြပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်က ဆွေးနွေးပွဲတွေမှာ ကြီးကြီးမားမား ရလဒ်တွေ မထွက်ခဲ့ပေမဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ် အမ် ခရစ်ရှ်နား (S M Krishna) ကတော့ ၂ နိုင်ငံကြား ဆက်ဆံရေးဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ပြောခဲ့တာပါ။
ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဟိုင်နာ ရပ်ဘ်ဘန်နီ ခါး (Hina Rabbani Khar) ကတော့ ၂ နိုင်ငံကြား နားလည်မှုနဲ့ ရင်းနှီးမှုတွေရှိတဲ့ စာမျက်နှာသစ် ဖွင့်လှစ်ဖို့ လိုလားတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတွေက ငယ်ရွယ်သူ မျိုးဆက်တွေကြားမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကနဲ့ မတူဘဲ ဆက်ဆံရေးတွေ ကောင်းမွန်လာစေဖို့ မျှော်လင့်နေကြတဲ့ အကြောင်းလည်း ပါကစ္စတန် သံတမန်က ပြောဆိုခဲ့တာပါ။
ဆွေးနွေးပွဲအတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ကုန်သွယ်မှုတွေ တိုးမြှင့်ဖို့အတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်ဖို့ သန္နိဋ္ဌာန် ချထားကြောင်းလည်း ထပ်မံ ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။
တခြား သဘောတူညီချက် ရရှိခဲ့ကြတဲ့ အထဲမှာတော့ ၂ နိုင်ငံစလုံးက အသီးသီး ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ အခြေအနေတွေ တိုးတက်စေဖို့ ပါဝင်ခဲ့တာပါ။
ထိန်းချုပ်နယ်မြေအဖြစ် ပိုင်းခြားထားတဲ့ ဒေသထဲမှာ ကုန်သည်တွေ ဖြတ်သန်းသွားလာခွင့်တွေ ပိုမိုရရှိစေဖို့ တပတ်ကို ၂ ရက်သာ သွားခွင့်ပြုနေတာကို ၄ ရက်အထိ တိုးပေးဖို့၊ ကမ္ဘာလှည့် ခရီးသွားတွေနဲ့ ဘုရားဖူးတွေအတွက် သွားလာခွင့်တွေ တိုးပေးဖို့ စတာတွေကို နှစ်ဘက်အကြား သဘောတူခဲ့ကြပါတယ်။