သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ နဲ့ ပါကစ္စတန်ကြား စစ်ရိပ်စစ်ငွေ့သန်းလာသလား


ပါကစ္စတ် စစ်ဘက်ပြောခွင့်ရ ဗိုလ်ချုပ် Asif Ghafoor
ပါကစ္စတ် စစ်ဘက်ပြောခွင့်ရ ဗိုလ်ချုပ် Asif Ghafoor

“ပါကစ္စတန်ကို ရန် လာမစပါနဲ့” လို့ ပါကစ္စတန်စစ်ဘက်ပြောခွင့်ရ ဗိုလ်ချုပ် Asif Ghafoor က အိန္ဒိယကို သတိ ပေးလိုက်ပါတယ်။ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ အိမ်နီးချင်း နှစ်နိုင်ငံအကြား ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယား ဒေသမှာ အသေခံ ဗုံးဖောက်ခွဲမှုတခုဖြစ်ပြီးတဲ့နောက် ဆက်ဆံရေးအခြေအနေ ပိုပြီး တင်းမာလာနေတာနဲ့ အမျှ ပါကစ္စတန် စစ်ဘက်က အဲဒီလို သတိပေးစကား ပြောလိုက်တာပါ။ AFP သတင်းဆောင်းပါးတပုဒ်ကို အခြေခံပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

သူတို့နိုင်ငံအပေါ် ကျရောက်လာတဲ့ ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို တုံ့ပြန်နိုင်စွမ်း ရှိတယ်လို့ ပါကစ္စတန်စစ်ဘက် ပြောခွင့်ရကဆိုပြီး အိန္ဒိယအနေနဲ့ ကံမကောင်း အကြောင်းမလှဖြစ်စေမယ့် လုပ်ရပ်မျိုးတွေကို မလုပ်ဖို့ သတိပေးလိုက်တာပါ။

“ကျနော်တို့ စစ်မဖြစ်ချင်ပါဘူး။ ဒါပေမယ့် အခိုင်အမာ ပြောချင်တာကတော့ ခင်ဗျားတို့ ဘက်က ဘယ်လို ရန်စမှုမျိုးမဆို လုပ်လာပါစေ၊ ကျနော်တို့ အံ့အားသင့်သွားအောင် ဘယ်တော့မှ လုပ်နိုင်မှာမဟုတ်ပါဘူး။ ပါကစ္စတန် လက်နက်ကိုင်တပ်ဖွဲ့တွေ အံ့အား သင့်သွားအောင် ခင်ဗျားတို့ ဘယ်တော့မှ လုပ်နိုင်မှာမဟုတ်ပါဘူး။ ကျနော်တို့ကသာ ခင်ဗျားတို့ အံ့အားသင့်သွားအောင် လုပ်မှာဖြစ်တယ်ဆိုတာကို အခိုင်အမာပြောချင်ပါ တယ်။ ခြိမ်းခြောက်မှုကို ကျနော်တို့ တုံ့ပြန်နိုင်ပါတယ်။ ဒါကို ခင်ဗျားတို့ နားလည်ပြီး ပါကစ္စတန်ကို ရန်မစဖို့ မျှော်လင့်ပါတယ်။”

ကက်ရှ်မီးယားဒေသမှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် အိန္ဒိယပြည်သူ့စစ်အဖွဲ့ဝင် ၄၁ ယောက် သေဆုံးသွားရပြီးတဲ့နောက်ပိုင်း နှစ်နိုင်ငံကြားဆက်ဆံရေး ပိုပြီး တင်းမာလာနေ တာပါ။ အဲဒီတိုက်ခိုက်မှုကို ပါကစ္စတန်မှာအခြေစိုက်တဲ့ Jaish-e-Mohammed (JeM) အစ္စလာမ်အစွန်းရောက်ဝါဒီအဖွဲ့က သူတို့လုပ်တာလို့ ကြေညာထားပါတယ်။

တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်ဖို့ အိန္ဒိယနိုင်ငံတွင်းမှာ တောင်းဆိုတာနေကြပါတယ်။ စစ်သွေးကြွတွေကို အထောက်အပံ့ပြု နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားတဲ့ ပါကစ္စတန်နိုင်ငံက သူတို့ကို တိုက်ခိုက်လာရင် အလားတူ တုံ့ပြန်မယ်လို့ ပြန် ပြောထားတာပါ။

“စစ်ဖြစ်ဖို့အတွက် ပါကစ္စတန်နိုင်ငံအနေနဲ့ ပြင်ဆင်နေတာမရှိပါဘူး။ စစ်ဖြစ်ဖို့ ခြိမ်းခြောက် တာတွေနဲ့ သတင်းတွေက ခင်ဗျားတို့ဘက်ကနေ လာနေတာပါ။ လက်စားခြေ မယ်ဆိုတဲ့ ခြိမ်းခြောက်မှုက ခင်ဗျားတို့ဘက်က လာနေတာပါ။ ကျနော်တို့ဟာ အချုပ်အခြာအာဏာ ပိုင် နိုင်ငံတခုပါ။ တုံ့ပြန်လုပ်ဆောင်ခွင့် ကျနော်တို့မှာရှိပါတယ်။ စစ်ပွဲစတင်ဖို့ ကျနော်တို့ ပြင်ဆင်နေတာ မဟုတ်ပေမယ့် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ခွင့်နဲ့ တုံ့ပြန်ခွင့် ရှိပါတယ်။ အဲဒီအခွင့်အရေးကို ကျနော်တို့ အသုံးချမှာပါ။”

အိန္ဒိယဘက်က ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို “အခိုင်အမာ အသေအချာတုံ့ပြန်” ဖို့ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က စစ်ဘက်ကို ညွှန်ကြားအပြီး နောက်တရက်မှာပဲ ပါကစ္စတန်စစ်ဘက်ရဲ့ ပြင်းထန်တဲ့ အခုတုံ့ပြန်ချက် ထွက်လာတာပါ။

JeM စစ်သွေးကြွအဖွဲ့ဟာ ကက်ရှ်မီးယားမှာ အိန္ဒိယအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အဖွဲ့တွေထဲက တဖွဲ့ဖြစ်ပါတယ်။

အဲဒီအဖွဲ့တွေကို ပါကစ္စတန်က တရားမဝင်အဖွဲ့တွေအဖြစ် ကြေညာထားပေမယ့် ပါကစ္စတန်ဟာ ဒီအဖွဲ့တွေကို ကြားခံအဖြစ် အသုံးပြုနေတယ်လို့ အိန္ဒိယက စွပ်စွဲနေဆဲပါ။

JeM အဖွဲ့ရဲ့ ဌာနချုပ်လို့ ယုံကြည်တဲ့ နေရာတခုကို အာဏာပိုင်တွေက သိမ်းယူ ထိန်းချုပ် လိုက်တယ်လို့ ပါကစ္စတန် ပြည်ထဲရေး ဌာနက သောကြာနေ့မှာ ကြေညာပါတယ်။

“JeM အဖွဲ့ရဲ့ ဌာနချုပ်လို့ သိရတဲ့ Bahawalpur မြို့က စာသင်ကျောင်းတခုနဲ့ ဗလီတခုတို့ ရှိတဲ့နေရာကို ပန်ဂျပ်ဘ်ပြည်နယ်အစိုးရ က ထိန်းချုပ်ရယူလိုက်ပါပြီ” လို့ ပြည်ထဲရေးဌာန ပြောခွင့်ရတဦးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan ကိုယ်တိုင်ဦးစီးပြီး ကြာသပတေးနေ့က အစည်းအဝေး လုပ်တဲ့ “အမျိုးသားလုံခြုံရေးကော်မတီ ရဲ့ ဆုံးဖြတ်ချက်နဲ့အညီ အရေးယူလုပ်ဆောင်တာဖြစ်တယ်” လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ပါကစ္စတန်ုနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ အဲဒီ Bahawalpur မြို့က စာသင်ကျောင်းဝင်းမှာ ဆရာ ဆရာမ အယောက် ၇၀ နဲ့ ကျောင်းသားကျောင်းသူ ၆၀၀ ရှိတယ်လို့ ထုတ်ပြန်ချက် က ဆိုပါတယ်။

အိန္ဒိယတိုက်ငယ်မှာ ဗြိတိသျှ ကိုလိုနီလုပ် အုပ်ချုပ်မှု အဆုံးသတ်ခဲ့တဲ့ ၁၉၄၇ ခုနှစ် ကတည်းကဆိုရင် ကက်ရှ်မီးယားဒေသအရေး နဲ့ပတ်သက်ပြီး အိန္ဒိယနဲ့ပါကစ္စတန်အကြား စစ်ဖြစ်တာ သုံးကြိမ် ရှိသွားပါပြီ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG