သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဝန်ကြီးချုပ် မြန်မာနိုင်ငံရောက်


အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မန်းမိုဟန် ဆင်း (Manmohan Singh) ဟာ ဒီကနေ့မေလ ၂၇ ရက် တနင်္ဂနွေ ညနေက နေပြည်တော်ကို ရောက် နေပါပြီ။ ဒါဟာ ၂၅ နှစ်တွင်း မြန်မာနိုင်ငံကို အိန္ဒိယ ဝန်ကြီးချုပ် တဦးရဲ့ ပထမဆုံးခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ အိန္ဒိယ ဝန်ကြီးချုပ်ဟာ နိုင်ငံတော် သမ္မတနဲ့ရော အစိုးရအဖွဲ့တွေနဲ့အပြင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပါ တွေ့ဆုံဖို့ စီစဉ်ထားပြီး ရန်ကုန်မှာလည်း NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မှာ ဖြစ်ပါတယ်။ အခုလို သမိုင်းဝင် အိန္ဒိယဝန်ကြီးချုပ် ရဲ့ခရီးစဉ်တွင်း ဘယ်လိုထူးခြားတဲ့ ဆွေးနွေးမှုတွေ ရှိနိုင်သလဲဆိုတာနဲ့ အိန္ဒိယ-မြန်မာ ဆက်ဆံရေးအပေါ် ဘယ်လိုသုံးသပ်ကြသလဲ ဆိုတာကိုတော့ မသင်းသီရိက တင်ပြပေးပါမယ်။

အိန္ဒိနိုင်ငံ ဝန်ကြီးချုပ် မန်းမိုဟန်ဆင်းဟာ မေလ ၂၇ ရက် တနဂ်နွေ ညနေ ၆ နာရီ ၄၅ မိနစ်မှာ နေပြည်တော်ကို လေယာဉ်နဲ့ ရောက်လာခဲ့ တာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကြိုဆိုခဲ့ပါတယ်။ မနက်ဖြန် မေလ ၂၈ ရက် တနင်္လာနေ့ မနက်မှာတော့ နေပြည်တော် မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ရော အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့နဲ့ပါ တွေ့ဆုံဖို့ရှိပြီး နေလည်ပိုင်းမှာတော့ နေပြည်တော်က MICC မှာ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင် အသင်းက လုပ်ငန်းရှင်ကြီးတွေနဲ့အတူ ကုန်သွယ်ကူးသန်း ကိစ္စတွေအတွက် တွေ့ဆုံဖို့လည်း စီစဉ်ထား ပါတယ်။

ညဘက်မှာတော့ အိန္ဒိနိုင်ငံ ဝန်ကြီးချုပ် မန်းမိုဟန်ဆင်းကို သမ္မတက ညစာနဲ့ တည်ခင်းဧည်ခံမှာ ဖြစ်ပါ တယ်။

ဒါဟာ ၂၅ နှစ်ကြာကာလတွင်း အိန္ဒိယနိုင်ငံက ဝန်ကြီးချုပ်အဆင့် အဖြစ်နဲ့ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး ဒီ ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံလုံခြုံရေး၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ် ကူးသန်း ကိစ္စတွေကို အထူးအလေးပေး ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ဒါဟာ နို်င်ငံရေး ပြောင်းလဲမှုတချို့ကြောင့် အနောက်အင်အားကြီး နိုင်ငံတွေက ကောင်းတဲ့ အပြောင်း အလဲတွေနဲ့ ဆက်ဆံလာတာကို အိမ်နီးချင်း အိန္ဒိယက မြင်နေတာကြောင့်ရော အထူးသဖြင့် ပြိုင်ဘက်လို့ ပြောနိုင်တဲ့ တရုတ်နိုင်ငံထက်ကို မလျော့တဲ့ စီးပွာေးရး ပူးပေါင်း လုပ်ဆောင်ချင် တာတွေကြောင့် အိန္ဒိယနိုင်ငံဟာ မြန်မာကို ခြေလှမ်းသစ်တွေနဲ့ ဆက်ဆံလာတာ တွေ့ရတယ်လို့ ဝါရင့် နိုင်ငံရေးသမားကြီး တဦးဖြစ်တဲ့ သခင်ချန်ထွန်းက သုံးသပ်ပါတယ်။

"ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်နဲ့ အိန္ဒိယက နယ်စပ်ချင်း ထိစပ်နေတယ်၊ မြန်မာပြည်နဲ့ တရုတ်ပြည်ကလည်း နယ်ချင်းစပ်နေတယ်ဆိုတော့ တရုတ်ပြည်နဲ့ အိန္ဒိယနဲ့ကလည်း နယ်ခြားပြသနာတွေ ဘာတွေ နည်းနည်းပါးပါး မရှင်းလင်းတာလေးတွေ ဘာလေးတွေ ကျန်သေးတာပေါ့၊ အဲလို ကျန်တဲ့အခါ ကျတော့ မြန်မာပြည်ဟာ တရုတ်ပြည်ရဲ့ မဟာမိတ်ကြီး လုံးလုံး ဖြစ်သွားမှာကိုတော့ အိန္ဒိယက မလိုလားဘူး၊ မလိုလားတော့ ဘာပဲဖြစ်ဖြစ် မြန်မာအစိုးရနဲ့ခင်အောင် တတ်နိုင်သလောက် ပေးတာကမ်းတာရှိမယ်၊ ဒီလို ဆက်ဆံရေးတွေ ကောင်းအောင် ပုဂ္ဂိုလ်ချင်း ရင်းနှီးမှုတွေရအောင် အဆက်သွယ်ကတော့ လုပ်ထားမှာပဲ၊ ဒီလိုပဲ ဖြစ်ပါတယ်။"

မေလ ၂၇ ရက်နေ့ကနေ သုံးရက်ကြာနေမယ့် အိန္ဒိယဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း မေလ ၂၉ ရက်အင်္ဂါနေ့မှာတော့ရန်ကုန်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မှာ ဖြစ်ပါတယ်။

နိုင်ငံရေး လူမှုရေးနဲ့ စီးပွားရေးအပြင် ယဉ်ကျေးမှုတွေက အစ မြန်မာနဲ့ အိန္ဒိယတို့ အစဉ်အလာ ကြီးမားခဲ့ပေမယ့် ၁၉၈၈ နောက်ပိုင်း ဒီမို ကရေစီရေး တောင်းဆိုမှုတွေမှာ အိန္ဒိယဟာ နှုတ်ဆိတ်နေခဲ့တာပါ။ ဒါပေမယ့် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အိန္ဒိယတို့ဟာ မိတ်ဆွေကောင်း မိတ်ဆွေဟောင်းတွေ ဖြစ်ခဲ့တဲ့ သမိုင်း အစဉ်အလာတွေ တွေရှိတာဖြစ်သလို အခု သမီးဖြစ် တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုတွေကို အိန္ဒိယဟာ လျစ်လျူရှုထားလို့ မရဘူးဆိုတာကို ဒီခရီးစဉ်က ပြလိုက်တာဖြစ်တယ်လို့ စာရေးဆရာ ချစ်ဦးညို ကလည်း သုံးသပ်ပါတယ်။

"ဗိုလ်ချုပ်အောင်ဆန်းက Subhash Chandra Bose တို့ နေရူး (Nehru) တို့နဲ့ အင်မတန်ခင်ပါတယ်။ လွတ်လပ်ရေးရဖို့ ကြိုးပမ်းနေတဲ့ ကာလပေါ့လေ၊ Subhash Chandra Bose မြန်မာပြည် လာတုန်းကလည်း သူတွေ့တယ်။ အဲဒီတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေး ကြိုးပမ်းမှု သူရဲကောင်းတွေ၊ ခေါင်းဆောင်တွေမှာ အိန္ဒိယကို အားကျပြီးတော့ သူတို့ကို လေ့လာခဲ့တယ်ဆိုတဲ့ အချက်လေးတချက် သွားတွေ့ရတယ်။ နောက်တခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဒေါ်ခင်ကြည်ကလည်း သံအမတ်ကြီး အဖြစ်နဲ့ ကာလရှည်ကြာစွာ နေခဲ့ဖူးတယ်။ ဒီတော့ ဗိုလ်ချုပ်အောင်ဆန်း မိသားစုနဲ့ အိန္ဒိယအစိုးရပိုင်းနဲ့ ထိတွေ့ဆက်ဆံမှုကတော့ အတော်လေး ကောင်းခဲ့တယ် ပြောရမှာပေါ့လေ။ အခုဒေါ်အောင်ဆန်း စုကြည် တိုင်းပြည်မှာ ခေါင်းဆောင်အနေနဲ့ လှုပ်ရှားနေတဲ့ ကာလမှာ အဲဒီ သမိုင်းကြောင်းတွေကို အခု လက်ရှိ အိန္ဒိယ ဝန်ကြီးချုပ်ကလည်း ဘယ်လိုမှ ပြစ်ပယ်လို့ ရမှာမဟုတ်ဘူး။ ဆက်ဆံမှုကို သူပြန်ပြီးတော့ လေ့လာလိမ့်မယ်။ အဲဒီတော့ ပုဂ္ဂိုလ်ရေးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ သူဟာလေးစားမှုရှိမယ် ၊ နေရာပေးမှုတွေ ရှိရလိမ့်မယ်၊ ဒီလိုယူဆပါတယ်။"

တကယ်တော့ မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယ ၂ နိုင်ငံစလုံးအတွက် မဟာဗျူဟာအရ အရေးပါ တဲ့ နိုင်ငံ တခု ဖြစ်နေတာပါ။ ဒါပေမယ့် တရုတ်နိုင်ငံဟာ သူများပြည်တွင်းရေး ဝင်မစွက်ဖက်ဘူး ဆိုပြီး အရင်ကတည်းက မြန်မာစစ်အစိုးရနဲ့ ပြောင်ပြောင်းတင်းတင်း ကျောထောက် နောက်ခံပေးကာ ဆက်ဆံနေ တာဖြစ်ပေမယ့် ဒီမိုကရေစီ စံနစ်ရင့်ကျက်မှုရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ ရပ်တည်မှုကိုတော့ အတော် ဝေဖန်ခဲ့ကြတာပါ။

"အခု အနောက်နိုင်များနဲ့ EU စသည်အားဖြင့် ဒီလိုတွေ အပြန်အလှန် သွားနေကြတာ။ အမေရိကန် သံအမတ်ကြီး Derek Mitchell တောင်မှ ဒီမှာ သံအမတ်ကြီးနဲ့ ထိုင်မှာ။ ဒီလို အခြေအနေတွေကို အိန္ဒိယတို့ တရုတ်တို့ စိုးရိမ်မှာပဲ။ ကျနော်ထင်တယ် စီးပွားရေးအရလည်း အိန္ဒိယဟာ ပိုမို ပါဝင်လာလိမ့်မယ်၊ ကူသန်းရောင်းဝယ်ရေးကလည်း အများကြီး တိုးချဲ့လာလိမ့်မယ်။"

အိန္ဒိယဝန်ကြီးချုပ် မန်းမိုဟန် ဆင်းဂ်ဟာ သူရဲ့ မြန်မာပြည် ခရီးစဉ်တွင်း ၁၈၆၂ ခုနှစ်က မြန်မာနိုင်ငံမှာ ကွယ်လွန်သွားတဲ့ အိန္ဒိယနိုင်ငံရဲ့ နောက်ဆုံး မဂိုမင်းဆက် ဗဟာဒူး ဇဗားရှား (Bahadur Zafar Shah) ရဲ့ ဂူဗိမ္မာန်ကိုလည်း သွားရောက် ဂါရဝပြုမှာ ဖြစ်ပါတယ်။

အရှေ့မျှော်မူဝါဒနဲ့ စီးပွားကွက်ရှာနေတဲ့ အိန္ဒိယနိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ ပိုပြီး ခိုင်မာပြီး အကျိုးရှိမယ့် ဆက်ဆံရေးမျိုး လိုချင်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ပြောထားတာလည်း ရှိပါတယ်။ အထူး သဖြင့်တော့ အိန္ဒိယဝန်ကြီးချုပ်ရဲ့ အခု မြန်မာပြည် ခရီးစဉ်အတွင်းမှာ ကုန်သွယ်ရေးလုပ်ငန်းတွေ တိုးမြှင့် သဘောတူနိုင်ဖို့ သဘောတူညီချက်တွေ ရမယ်လို့လည်း မျှော်လင့်ထားကြပါတယ်။

XS
SM
MD
LG