သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့လူဦးရေအများဆုံး အိန္ဒိယဖြစ်လာမည်


ဧပြီ ၂၄၊ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ)

အိန္ဒိယနိုင်ငံဟာ အခုလအကုန်မှာ တရုတ်ကိုကျော်ပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်လာမယ်လို့ ကုလသမဂ္ဂက တနင်္လာနေ့မှာပြောလိုက်ပါတယ်။ ဧပြီလကုန်မှာ အိန္ဒိယရဲ့လူဦးရေဟာ ၁.၄၂၅ ဘီလီယံအထိရှိလာဖို့ ခန့်မှန်းထားလို့ တရုတ်ပြည်မကြီးကို ကျော်လွန်သွားမှာဖြစ်ကြောင်း ကုလသမဂ္ဂစီးပွားရေးနဲ့ လူမှုရေးရေးရာဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။

၂၀၁၁ ခုနှစ်ကတည်းက သန်းခေါင်စာရင်းမကောက်ယူရသေးတဲ့ အိန္ဒိယအစိုးရကတော့ ဒီ ခန့်မှန်းချက်အပေါ် တစုံတရာ တရားဝင်မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

ဒီခန့်မှန်းချက်ဟာ ကုလရဲ့ကမ္ဘာ့လူဦးရေ နောက်ဆုံးခန့်မှန်းချက်အပေါ် အခြေခံထားပြီး အိန္ဒိယလူဦးရေက တရုတ်ကို ဘယ်တော့ကျော်သွားမယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ လက်ရှိမှာ အိန္ဒိယက ကျော်တက်ပြီးလည်း ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ လူဦးရေဆိုင်ရာ ချက်အလက်တွေမှာ ကန့်သတ်ချက်တွေရှိလို့ အတိအကျ ရက်စွဲတခုနဲ့ တွက်ချက်လို့မဖြစ်နိုင်ကြောင်း လူဦးရေစာရင်းအင်းပညာရှင်တွေက ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ ဒီနှစ်လယ်ပိုင်းမှာ တရုတ်နိုင်ငံထက် လူဦးရေ ၂.၉ သန်း ပိုများလာမယ်လို့ အရင်အပတ်ကလည်း အခြား ကုလသမဂ္ဂအစီရင်ခံစာတခုက ခန့်မှန်းထားပါတယ်။

တပြိုင်တည်းမှာပဲ အိန္ဒိယဟာ တရုတ်လိုဆင်းရဲတွင်းကထွက်ပြီး၊ စီးပွားရေးလည်းအောင်မြင်မှုရပြီး ကမ္ဘာ့စီးပွားရေးရဲ့ ဗဟိုချက်မအဖြစ် ကမ္ဘာ့ထိပ်တန်းအင်အားကြီးတနိုင်ငံဖြစ်လာနိုင်မလားဆိုတာလည်း မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ဒီနှစ် ကမ္ဘာ့စီးပွားရေးထိပ်သီး G-20 နိုင်ငံ ၂၀ ရဲ့အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာမှာ ထွန်းသစ်စ ကမ္ဘာ့ထိပ်တန်းအင်အားကြီး နိုင်ငံအဖြစ် အိန္ဒိယက ပုံဖော်နေချိန်မှာပဲ ဒီ သတင်းထွက်ပေါ်လာတာပါ။ တခါ တရုတ်နိုင်ငံအပေါ် မှီခိုအားထားတာကိုလျှော့ချဖို့ကြိုးပမ်းနေတဲ့ နိုင်ငံစုံကုမ္ပဏီတွေအတွက်လည်း အိန္ဒိယဟာ ပိုပြီးဆွဲဆောင်မှုကောင်းတဲ့နေရာတခု ဖြစ်လာနေပါတယ်။

တဘက်မှာလည်း အိန္ဒိယမှာအလုပ်လုပ်နိုင်တဲ့ လူငယ်ဦးရေကတိုးလာနေပြီး တရုတ်နိုင်ငံမှာတော့ သက်ကြီးအရွယ်ဦးရေက များလာနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ တခါ တရုတ်မှာ သက်ကြီးရွယ်အိုဦးရေတိုးလာတာအပြင် ကလေးမွေးဖွားနှုန်းကလည်း ကျဆင်းနေတယ်လို့ဆိုပါတယ်။ ၂၀၁၇ ခုနှစ်မှာ အမျိုးသမီးတဦးမှာ ကလေး ၁.၇ ဦး ရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ်မှာ ၁.၂ ဦးအထိ မွေးဖွားနှုန်းကျဆင်းခဲ့တယ်လို့ ကုလသမဂ္ဂရဲ့အချက်အလက်တွေအရ သိရပါတယ်။

တရုတ်နိုင်ငံရဲ့ လက်ရှိ လူဦးရေဟာ ၂၀၂၂ ခုနှစ်မှာ အမြင့်ဆုံး ရောက်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ စတင်ကျဆင်းလာတယ်လို့ ဆိုပါတယ်။ ဒီ ရာစုနှစ်ကုန်ခါနီးမှာ တရုတ်ရဲ့ လူဦးရေက ၁ ဘီလီယံအောက် ကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့တော့ အိန္ဒိယဟာ ကမ္ဘာပေါ်မှာ လူငယ်လူဦးရေ အများဆုံးဖြစ်လာနေပြီး မွေးဖွားနှုန်းမြင့်မားနေသလို မွေးကင်းစကလေးသေဆုံးမှုနှုန်းကလည်း တသမတ်တည်းကျဆင်းနေတယ်လို့ ကုလက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG