အိန္ဒိယနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး စီမံကိန်းမှာ ဒေါ်လာ ဘီလီယမ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံပြီး လုပ်ဆောင်ခဲ့ပေမဲ့ ရလဒ်ကောင်း ထွက်မလာဘူးလို့ ကမ္ဘာ့ဘဏ်က ပြောလိုက်ပါတယ်။
အိန္ဒိယရဲ့ လူမှုဖူလုံရေး အစီအစဉ်တွေဟာ အလေအလွင့်တွေ၊ အကျင့်ပျက် ခြစားမှုတွေ၊ ညံ့ဖျင်းတဲ့ အကောင်အထည် ဖော်မှုတွေနဲ့ ဆိုးဆိုးရွားရွား ပျက်စီးနေတယ်လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ တခုမှာ ကမ္ဘာ့ဘဏ်က ပြောထားပါတယ်။
လူထုဖြန့်ဝေရေး အစီအစဉ်လို့ ခေါ်တဲ့ စားနပ်ရိက္ခာ ဖြန့်ဝေရေး အစီအစဉ်တခုမှာ လျာထားတဲ့ နှံစားသီးနှံ ၆၀% ဟာ လိုအပ်နေတဲ့ သူတွေဆီ ဘယ်တုန်းကမှ ရောက်မသွားခဲ့ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တခြားအစီအစဉ်တွေကို အကောင်အထည် ဖော်တာမှာလည်း မညီမျှမှုတွေ ဖြစ်နေပြီး တချို့ပြည်နယ်တွေက ဆင်းရဲသားတွေဆိုရင် အကူအညီ အနည်းအကျဉ်းလောက်ပဲ ရကြတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။
အဲဒီလို ဝေဖန် ပြောဆိုထားတာတွေ ရှိပေမဲ့လည်း အလုပ်အကိုင် အသစ်တွေ ဖန်တီးနိုင်အောင်နဲ့ ကျေးလက်ဒေသတွေမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် ကူညီထောက်ပံ့တာတွေ အတွက်ကိုတော့ အိန္ဒိယရဲ့ လူမှုဖူလုံရေး အစီအစဉ်တွေကို အစီရင်ခံစာက ချီးကျူးထားပါတယ်။