သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆိုဖို့ အိန္ဒိယပြင်ဆင်


ရွေးကောက်ခံထားရသူ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်ဖြစ်လာမယ့် Narendra Modi
ရွေးကောက်ခံထားရသူ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်ဖြစ်လာမယ့် Narendra Modi
အိန္ဒိယနိုင်ငံမှာ တနင်္လာနေ့မှာကျင်းမယ့် ဝန်ကြီးချုပ် ကျမ်းသစ္စာ ကျိန်ဆိုပွဲတက်ရောက်ဖို့ ဖိတ်ကြားခံ နိုင်ငံခေါင်းဆောင်တွေ ရောက်လာနေချိန်မှာပဲ နယူးဒေလီမြို့တော်ရဲ့ အရေးကြီးအစိုးရအဆောက်အဦးတွေ တည်ရှိတဲ့ Raisina Hill ရပ်ကွက်ကို လုံခြုံရေးတင်းတင်းကြပ်ကြပ် ချထားပါတယ်။

သမ္မတရဲ့ တရားဝင်အိမ်တော်ဖြစ်တဲ့ Rasgtrapati Bhavan စံအိမ်မှာ ကျမ်းသစ္စာ ကျိန်ဆိုမှာဖြစ်ပြီး ဖိတ်ကြားထားသူ ၃,၀၀၀ လောက် တက်ရောက်မှာ ဖြစ်ပါတယ်။ အရေးကြီးအထပ်မြင့် အဆောက်အဦးတွေရဲ့ ခေါင်မိုးမှာ လက်ဖြောင့်သေနတ်သမားတွေလည်း ထားရှိပြီး လမ်းတွေပေါ်မှာလည်း အထူး လုံခြုံရေးဝန်ထမ်းတွေကို ဖြန့်ချထားမယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

ဒီအခမ်းအနားကို တက်ရောက်ဖို့ဖိတ်ကြားထားတဲ့ထဲမှာ သီရိလင်္ကာသမ္မတ Mahinda Rajapaksa လည်း ပါဝင်တာမို့လို့ ဒေလီမြို့တော်နဲ့ တခြားမြို့တွေမှာ တမီးလ်နွယ်ဘွားတွေ လမ်းပေါ်ထွက် ကန့်ကွက် ဆန္ဒပြနေကြပါတယ်။ တမီးလ်နွယ်ဘွားတွေအပေါ် စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တာအတွက်ဆိုပြီး အိန္ဒိယအစိုးရက သိရိလင်္ကာအစိုးရနဲ့ ပတ်သတ်လို့ ကန့်ကွက်သင့်တယ်လို့ ဆန္ဒပြသူတွေ တောင်းဆိုနေကြပါတယ်။

တချိန်တည်းမှာပဲ ပါကစ္စတန်နဲ့ အိန္ဒိယ ၂ နိုင်ငံ ချစ်ကြည်ရေးဖော်ဆောင်တဲ့အနေနဲ့ ပါကစ္စတန်အစိုးရက ဖမ်းဆီးထားတဲ့ အိန္ဒိယအကျဉ်းသားတွေကို တနင်္ဂနွေနေ့မှာပဲ ပြန်လွှတ်ပေးလိုက်ပါတယ်။ ကရားချိမြို့ အကျဉ်းထောင်ကနေ အိန္ဒိယအကျဉ်းသား ငါးဖမ်းသမား ၅၈ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ဟိုက်ဒရာဘတ်မြို့ အကျဉ်းထောင်ကနေ နောက်ထပ် ၉၂ ဦး လည်း ပြန်လွှတ်ပေးဖို့ရှိပါတယ်။

ကာလရှည်ကြာ ရန်သူတွေဖြစ်နေခဲ့တဲ့ ပါကစ္စတန်နဲ့ အိန္ဒိယ ၂ နိုင်ငံကြား ပထမဆုံးအကြိမ်အဖြစ် ပါကစ္စတန်ဝန်ကြီးချုပ်က အိန္ဒိယဝန်ကြီးချုပ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို လာမတက်ခင်တရက်မှာပဲ အခုလို အကျဉ်းသားတွေ ပြန်လွှတ်ပေးတာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG