အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းနဲ့ နီပေါနိုင်ငံတို့မှာ တနင်္ဂနွေနေ့ ညပိုင်းက ၆.၉ ပြင်းအားနဲ့ အားကောင်းတဲ့ မြေငလျင်တခု လှုပ်သွားခဲ့လို့ လူအနည်းဆုံး ၁၈ ဦး သေဆုံးပြီး အဆောက်အဦးတွေလည်း ပျက်ဆီးမှုတွေ ရှိခဲ့သလို လူတွေ ကြောက်လန့်တကြား ဖြစ်ခဲ့ရပါတယ်။
မြေငလျင်က အိန္ဒိယနိုင်ငံ ဆစ်ခ်ကင်မ် (Sikkim) ပြည်နယ်ရဲ့ မြို့တော် ဂန်တော့ခ် (Gangtok) နဲ့ အရှေ့မြောက်အရပ် မိုင် ၄၀ လောက်ဝေးတဲ့ နေရာကို ဗဟိုပြုပြီး လှုပ်သွားတာပါ။ မြေပြိုတာတွေ၊ အဆောက်အဦး ပြိုကျတာတွေနဲ့ အပြိုအပျက်တွေ ပိမိပြီး သေဆုံးရသူ ၅ ဦး ကျော်တယ်၊ လူပေါင်း ၅၀ ကျော်လည်း ဒဏ်ရာတွေ ရသွားကြတယ်လို့ ဆစ်ခ်ကင်မ်ပြည်နယ် အကြီးအကဲက ပြောပါတယ်။
ဒီမြေငလျင်ကြောင့် ဘီဟာ (Bihar) ပြည်နယ်နဲ့ အနောက်ဘန်ဂေါ (Bengal) ပြည်နယ်တွေမှာလည်း လူသေဆုံးမှုတွေ ရှိတယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။
ငလျင်လှုပ်တာကို မိုင်ပေါင်း ၆၀၀ ကျော်ဝေးတဲ့ နယူးဒေလီ (New Delhi) မြို့တော်ကရော အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ဘူတန်နိုင်ငံတို့ကပါ သိရှိ ခံစားခဲ့ရပါတယ်။
နောက်ပိုင်းမှာ ပြင်းအား ၆.၁ နဲ့ ၅.၃ အသီးသီးရှိတဲ့ အားပြင်း နောက်ဆက်တွဲ မြေငလျင် အနည်းဆုံး ၂ ခု လှုပ်ခဲ့ပါတယ်။ နောက်ထပ် နောက်ဆက်တွဲ ငလျင်တွေလည်း လှုပ်နိုင်သေးတယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
နီပေါနိုင်ငံမှာတော့ ငလျင်ကြောင့် သေဆုံးသူပေါင်း အနည်းဆုံး ၅ ဦး ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ခတ်မန်ဒူ (Kathmandu) မြို့တော်မှာ ဗြိတိသျှသံရုံး အပြင်ဘက်က အုတ်နံရံ ပြိုကျပြီး လူ ၃ ဦး သေဆုံးသွားရတာပါ။
ငလျင်ကြောင့် လွှတ်တော် အဆောက်အဦး လှုပ်ခါသွားခဲ့တာကြောင့် အမတ်တွေ လွှတ်တော်ခန်းမထဲက ပြေးထွက်ခဲ့ကြရပြီး ရသုံးမှန်းခြေ ငွေစာရင်းနဲ့ ပတ်သက်လို့ နီပေါလွှတ်တော်တွင်းမှာ အချေအတင် ဆွေးနွေးနေကြတာကို ၁၅ မိနစ် ရပ်ပစ်ခဲ့ရပါတယ်။