အိန္ဒိယ ၀န်ကြီးချုပ်ဟောင်း ရာဂျစ်ဗ် ဂန္ဒီ (Rajiv Gandhi) ကို လုပ်ကြံသတ်ဖြတ်မှုနဲ့ သေဒဏ်ပေးခံထားရသူ ၃ ဦးရဲ့ အသနားခံလွှာကို အိန္ဒိယ သမ္မတက ပယ်ချလိုက်ပါတယ်။
သူတို့ရဲ့ အသနားခံလွှာကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပယ်ချခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယ သမ္မတ ပရာတီဘာ ပါတေးလ် (Pratibha Patil) ရဲ့ ရုံးက ကြာသပတေးနေ့မှာ ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်းကို လုပ်ကြံသတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး ၁၉၉၈ ခုနှစ်မှာ သေဒဏ်ချမှတ်ခံထားရသူ ၃ ဦးစလုံးဟာ သီရိလင်္ကာ တမီလ်ကျားသူပုန် အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
၁၉၉၁ ခုနှစ်က အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေချိန်အတွင်း အမျိုးသမီး အသေခံ ဗုံးခွဲသမား တဦးက မစ္စတာဂန္ဒီကို လုပ်ကြံ သတ်ဖြတ်ခဲ့တာပါ။ မစ္စတာဂန္ဒီရဲ့ ခြေထောက်ကို ထိဖို့ ဒူးထောက်လိုက်တဲ့ အချိန်မှာပဲ ခါးမှာပတ်ထားတဲ့ ဗုံးကို အသေခံဗုံးခွဲသူ အမျိုးသမီးက ဖောက်ခွဲခဲ့တာပါ။
သီရိလင်္ကာနိုင်ငံရဲ့ ပြည်တွင်းစစ်ပွဲ အဆုံးသတ်စေရေး အကူအညီပေးဖို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ တခုကို စေလွှတ်ရေး အိန္ဒိယ ၀န်ကြီးချုပ်ဟောင်းက ဆုံးဖြတ်ခဲ့တာကို ကန့်ကွက်တဲ့ အနေနဲ့ လုပ်ကြံ သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ တမီလ်ကျားသူပုန် အဖွဲ့က ကြေညာခဲ့ပါတယ်။