သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ ကရင် တော်လှန်ရေးသမား ၃၁ ဦး လွတ်မြောက်


ရခိုင်နဲ့ ကရင် တော်လှန်ရေးသမား ၃၁ ဦး လွတ်မြောက်
ရခိုင်နဲ့ ကရင် တော်လှန်ရေးသမား ၃၁ ဦး လွတ်မြောက်

လက်နက်မှောင်ခိုမှုနဲ့ အိန္ဒိယ အကျဉ်းထောင်တွေမှာ နှစ်ရှည် ထောင်ချခံထားရတဲ့ ရခိုင်နဲ့ ကရင် လက်နက်ကိုင် ၃၄ ယောက်ထဲက ၃၁ ယောက်ဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာ ကာလကတ္တား အကျဉ်းထောင်က လွတ်မြောက်လာကြပါပြီ။ သူတို့ လွတ်မြောက်လာသလို မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေလည်း လွတ်ဖို့လိုတယ်လို့ လွတ်မြောက်လာသူတွေနဲ့ ကူညီသူတွေက ပြောကြပါတယ်။ အခြေအနေကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

အိန္ဒိယ အကျဉ်းထောင်တွေမှာ ၁၃ နှစ်နီးပါး ထောင်ချခံထားရတဲ့ ရခိုင်ပြည် အမျိုးသား ညီညွတ်ရေးပါတီနဲ့ KNU ကရင်အမျိုးသား အစည်းအရုံးက တပ်ဖွဲ့ဝင် ၃၁ ယောက်ကို ကာလကတ္တား အကျဉ်းထောင်က လွှတ်ပေးလိုက်တာကြောင့် ဒီညနေပိုင်းမှာ ဒေလီမြို့ကို ထွက်လာကြပါပြီ။

ထောင်ချခံထားရတဲ့ ၃၄ ယောက်ထဲက ၃ ယောက်ဟာ အန်ဒမန်ကျွန်းမှာ အမှုငယ်တခု ရင်ဆိုင်စရာ ရှိသေးတယ်လို့ လွတ်မြောက်လာသူ ကိုဓညလင်းက ပြောပါတယ်။

“ကျနော်တို့ ပြောမပြတတ်အောင် ပျော်ပါတယ်ဗျာ။ ကျနော်တို့ အပြင်လောကကို တွေ့သွားပြီဆိုတော့ ပြောမပြတတ်အောင်ကို ပျော်ပါတယ်။ အပြင်လောကနဲ့ ကင်းကွာလာတာ တအားကြာသွားပြီဆိုတော့ အပြင်လောကရဲ့ ပြောင်းလဲနေမှု၊ အခု ကျနော်တို့ ကားပေါ်မှာပါ။ အခု အနောက်ဘင်္ဂလားနယ်ရဲ့ တောနယ်လေးကို ဖြတ်သန်းနေတာတောင်မှ တော်တော်လေးကို ထူးဆန်းနေတာ တွေ့နေရပါတယ်။”

သူတို့ လွတ်မြောက်လာသလို မြန်မာပြည်က နိုင်ငံရေး အကျဉ်းသားတွေလည်း လွတ်မြောက်ဖို့ လိုတယ်လို့ ကိုဓညလင်းက ဆိုပါတယ်။

“ဟုတ်ပါတယ်ခင်ဗျ၊ ကျနော်တို့လည်း ထောင်ထဲမှာ ၁၃ နှစ် နေလာတယ်ဆိုတော့ ထောင်ထဲမှာ ဘယ်လိုနေရတယ် ဆိုတာ ကျနော်တို့ ကိုယ်ချင်းစာပါတယ်။ ထောင်ဟူသမျှတော့ ဘယ်ထောင်မှ မကောင်းပါဘူး။ အဲဒီ မကောင်းတဲ့ ထောင်ထဲမှာတော့ ဗမာပြည်က ထောင်တွေဟာ ပိုမကောင်းဘူးဆိုတာ ကျနော်တို့ နားလည်ပါတယ်။ အဆိုးဆုံး အခြေအနေမှာ ရှိတဲ့အတွက် သူတို့အတွက် ကိုယ်ချင်းစာပါတယ်။ ဒါကြောင့်မို့ သူတို့ကို ချွင်းချက်မရှိ ချက်ချင်း အမြန်ဆုံး ပြန်လွှတ်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်ခင်ဗျ။”

သူတို့ကို ပြီးခဲ့တဲ့နှစ် ဧပြီလက ကာလကတ္တား တရားရုံးက ထောင်ဒဏ် ၃ နှစ် အမိန့်ချခဲ့တာ ဖြစ်ပါတယ်။ ထောင်ဒဏ် ၃ နှစ် ဆိုပေမဲ့ ဖမ်းဆီးခံရတဲ့ သက်တမ်းက ၁၃ နှစ်နီးပါးဖြစ်လို့ အမိန့်ချကတည်းက လွတ်ရက်စေ့နေတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဧပြီလကမှ ဒေလီ UNHCR ရုံးက သူတို့ကို ဒုက္ခသည်အဖြစ် အသိအမှတ် ပြုခဲ့တာကြောင့် လွတ်မြောက်ဖို့ နှောင့်နှေးခဲ့တယ်လို့ သိရပါတယ်။

သူတို့လွတ်မြောက်ဖို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ အိန္ဒိယ လူ့အခွင့်အရေး ရှေ့နေတွေ၊ ပြည်ပရောက် ရခိုင်နဲ့ ကရင်လူမျိုးတွေက အစဉ်တစိုက် တောင်းဆိုလာခဲ့တာပါ။ သူတို့လွတ်မြောက်ဖို့ ကူညီသူ တဦးဖြစ်တဲ့ အဝေးရောက် ညွန့်ပေါင်းအစိုးရဝန်ကြီး ဒေါက်တာတင့်ဆွေက အိန္ဒိယမှာ တရားဥပဒေ စိုးမိုးမှု ရှိပေမဲ့ မြန်မာနိုင်ငံမှာ ဒီလိုမဟုတ်ဘူးလို့ ဆိုပါတယ်။

“တိုက်ဆိုင်နေတယ်လို့ ပြောရမှာပေါ့၊ ဒီ ဗမာပြည်ထဲမှာလည်း လွတ်ငြိမ်းချမ်းသာခွင့်လို့ ခေါ်တဲ့ ကြေညာချက်နဲ့ ယှဉ်ကြည့်လိုက်လို့ရှိရင် ကိုယ့်နိုင်ငံသား မဟုတ်တဲ့ လူတွေကို နိုင်ငံတကာမှာ အပြင်ကနေပြီးတော့ အိန္ဒိယ နိုင်ငံသားတွေရော၊ ဗမာနိုင်ငံသားတွေရောက ဒီ ၃၄ ယောက် လွတ်ဖို့ အမျိုးမျိုး ကြိုးစားကြတယ်၊ တောင်းဆိုကြတယ်။ ဆန္ဒပြမှုတွေရော၊ လက်မှတ်ထိုး လှုပ်ရှားမှုတွေလည်း လုပ်တော့ နောက်ဆုံး နိုင်ငံခြားသားတွေကို အိန္ဒိယ အစိုးရက လွှတ်ပေးလိုက်ပေမဲ့လို့ ဗမာနိုင်ငံမှာ ၂,၀၀၀ ကျော်သော နိုင်ငံရေး အကျဉ်းသားတွေအတွက် အဲဒီလိုပဲ လုပ်နေပေမဲ့ လွှတ်မပေးနိုင်တာဟာ ဒီမိုကရေစီကို အခြေခံတဲ့ တရားစီရင်ရေး အခြေခံ ကွဲလွဲချက်တွေကို ထောက်ပြရာ ကျတယ်လို့ ကျနော်မြင်ပါတယ်။”

အခုလွတ်လာတဲ့ ရခိုင်နဲ့ ကရင် ၃၁ ယောက်ဟာ ၁၉၉၈ ခုနှစ်က ရခိုင်ပြည် တပ်မတော်နဲ့ အိန္ဒိယ စစ်ထောက်လှမ်းရေး သဘောတူညီချက်အရ အန်ဒမန်ပင်လယ်၊ လန်းဖောကျွန်းမှာ အခြေစိုက်စခန်း တည်ဆောက်ဖို့ လာစဉ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရစဉ်က ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ရာဇာ၊ ဖဒိုမူးလွယ် အပါအဝင် ခေါင်းဆောင် ၆ ယောက် လုပ်ကြံခံခဲ့ရပါတယ်။ အခုလို ဖမ်းဆီးသတ်ဖြတ် ခံရတာဟာ မြန်မာပြည်ဖွား အိန္ဒိယ စစ်ထောက်လှမ်းရေး ဒု-ဗိုလ်မှူးကြီး ဂရဝါ ခေါ် နေဝင်းက စီစဉ်တာ ဖြစ်တယ်လို့လည်း ရခိုင်နဲ့ ကရင် လက်နက်ကိုင်တွေက ယုံကြည်နေကြပါတယ်။

XS
SM
MD
LG