သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ဘင်္ဂလားဒေ့ရှ် ကို အိန္ဒိယကူမည်


မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလှုံကြတဲ့ ဒုက္ခသည်တွေကို အချိန်မတန်သေးပေမယ့် နေရပ်ရင်းကိုပြန်ပို့ရေးအပါအဝင် ရိုဟင်ဂျာပြဿနာ ဖြေရှင်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ကို အိန္ဒိယက အပြည့်အဝ အကူအညီပေးမှာဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Vijay Gokhale ရဲ့ တနင်္လာနေ့ ပြောကြားချက်ကို The Hindu သတင်းမှာ ဖေါ်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ Dhaka မြို့ကို ၃ ရက်ခရီးသွားရောက်နေတဲ့ မစ္စတာ Gokhale က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် M. Shahidul Haque နဲ့ ဒုတိယနေ့တွေ့ဆုံအပြီးမှာ အခုလိုကြေညာချက်ထုတ်ပြန်ပြောကြားခဲ့တာပါ။

မနှစ်က စက်တင်ဘာလထဲမှာ အိန္ဒိယရဲ့ Insaniyat စစ်ဆင်ရေးနဲ့ ရိုဟင်ဂျာ ၃ သိန်းအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေ ဘင်္ဂလားဒေ့ရှ်ကိုပေးပို့ခဲ့သလိုပဲ အခု ဒုတိယအချီ အထောက်ကူပစ္စည်းတွေ ပေးပို့ဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။

မြန်မာဘက်ခြမ်းမှာတော့ နေရပ်ရင်း ပြန်လာသူတွေ အတွက် လိုအပ်တဲ့ နေအိမ်တွေ တည်ဆောက်ပေးတာအပါအဝင် အိန္ဒိယရဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအစီအစဉ်နဲ့ လူမှု စီးပွါးရေးအထောက်အကူတွေ ပေးပို့နေကြောင်းလည်းပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ Haque ကတော့ ရိုဟင်ဂျာ ပြဿနာကို ငြိမ်းချမ်းစွာအဖြေရှာဖို့ အိန္ဒိယရဲ့ လုပ်ဆောင်မှုအတွက် ကျေနပ်ဝမ်းမြောက်ကြောင်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ကတော့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်မှာ တာရှည်နေထိုင်ရာကနေ လက်နက်ကိုင် တိုက်ခိုက်မှုနဲ့ ဆက်နွယ်နေတဲ့ လုံခြုံရေးအန္တရာယ်တွေ ပေါ်ပေါက်လာမှာ စိုးရိမ်ရတဲ့အတွက် ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် မြန်မာကို အိန္ဒိယက ဖိအားပေးဖို့ မကြာသေးခင်ကပဲ ပန်ကြားခဲ့တာပါ။

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံကြတဲ့ ဒုက္ခသည်က ၇ သိန်းလောက် ရှိပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ကတည်းက နေရပ်ရင်း ပြန်ပို့ရေးအတွက် ဘင်္ဂလားဒေ့ရှ် မြန်မာ ၂ နိုင်ငံ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပေမယ့် ခုထိပြန်မပို့နိုင်သေးပါဘူး။

မကြာခင်မှာ မုတ်သုန်မိုးကျရောက်တော့မှာမို့ ဒုက္ခသည်တွေရဲ့ နေထိုင်ရေးအတွက် နိုင်ငံတကာက စိုးရိမ်နေပေမယ့် ပြီးခဲ့တဲ့သီတင်းပတ်ထဲ မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှုးချုပ် Ursula Mueller ကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးဟာ အဆင်သင့် မဖြစ်သေးတာ တွေ့ရကြောင်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG