မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိဆက်နေတဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်နယ်စပ်မှာ လုံခြုံရေး တိုးမြှင့်ထားပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်ကြားက တောင်တန်းဒေသတွေဘက်မှာ လှုပ်ရှားနေတဲ့ ကွတ်ကီးသူပုန် ၉၀၀ လောက် မြန်မာနိုင်ငံဘက်ကနေ အိန္ဒိယဘက် ဝင်လာတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေ ရထားတယ်လို့ မဏိပူရပြည်နယ်အစိုးရ အကြံပေး Kuldiep Singh က အတည်ပြုပါတယ်။
နယ်စပ်လုံခြုံရေးဂိတ်တွေမှာ သတိအနေအထားနဲ့ ရှိနေကြသလို၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ခေါင်ဖျားတဲ့ နေရာတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေပြီလို့ သူက သတင်းထောက်တွေကို ပြောပါတယ်။ တရားဝင်ခွင့်ပြုချက် မရဘဲ ဒရုန်းယာဉ်တွေ ပျံသန်းခွင့် ပိတ်ပင်ထားတယ်လို့လည်း မဏိပူရပြည်နယ်အစိုးရ အကြံပေးက ပြောပါတယ်။ အိန္ဒိယဘက်ဝင်လာသူတွေဟာ တောထဲမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ကြတဲ့ ကွတ်ကီးနွယ်ဘွား သူပုန်တွေဖြစ်ပြီး တိုက်ခိုက်ရေးဒရုန်းတွေ ပါလာကြတယ်လို့ အိန္ဒိယပြည်တွင်းသတင်းတွေမှာ ဖော်ပြနေကြပါတယ်။
မဏိပူရပြည်နယ်မှာ ဟိန္ဒူဘာသာအများစု ကိုးကွယ်တဲ့ လူများစု မေးသယ်လူမျိုးတွေနဲ့ လူနည်းစု ခရစ်ယာန်ဘာသာဝင် ကွတ်ကီးတိုင်းရင်းသားတွေကြား လူမျိုးရေးပဋိပက္ခတွေ ဖြစ်နေတာ ၁ နှစ်ကျော် နေပါပြီ။ အခု စက်တင်ဘာလထဲမှာပဲ သူပုန်တွေဘက်က Rocket ဒုံးတွေနဲ့ ပစ်ခတ်သလို ဒရုန်းတွေသုံးပြီး ဗုံးကြဲချလို့ ၁၁ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
ကွတ်ကီးသူပုန်တွေရဲ့ ရန်ကနေ လုံခြုံရေးတပ်ဖွဲ့တွေ ကာကွယ်ပေးဖို့ ဒေသခံ မေးသယ်လူမျိုးတွေ ပြည်နယ်မြို့တော် (Imphal) အင်ဖာမြို့တော်အထိ ချီတက်ပြီး တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ မြေနေယာပိုင်ဆိုင်မှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကြောင့် မေးသယ်နဲ့ ကွတ်ကီးတိုင်းရင်းသားတွေကြား တင်းမာမှုတွေ ဟိုးအရင်ထဲက ရှိနေကြတာ ဖြစ်ပါတယ်။
Forum