သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီကို ဆက်ကာကွယ်သွားမယ်လို့ Rahul Gandhi ကတိပြု


INDIA-POLITICS/GANDHI
INDIA-POLITICS/GANDHI

ထောင်ဒဏ် ၂ နှစ်ချခံရပြီးနောက် အောက်လွှတ်တော်အမတ် အဖြစ်ကနေ ဖယ်ရှားခံရတဲ့ အိန္ဒိယ အတိုက်အခံခေါင်းဆောင် Rahul Gandhi က ဒီမိုကရေစီကို ဆက်လက်ကာကွယ်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။ သူ့အနေနဲ့ ဝန်ကြီးချုပ် Narendra Modi နဲ့ ပတ်သက်လို့ မေးခွန်းထုတ်ရမယ့် ကိစ္စတွေကို ဆက်လက်မေးခွန်း ထုတ်သွားမှာ ဖြစ်တယ်လို့ ဒီနေ့ စနေနေ့မှာ သတင်းစာရှင်းပွဲ ပြုလုပ်ပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယပြည်သူတွေရဲ့ လိုလားချက်တွေ အသံတွေအတိုင်း ဒီမိုကရေစီကို ဆက်လက်ကာကွယ်သွားမှာ ဖြစ်တယ်လို့ ပြောကြားသွားတာပါ။ သူ့အပေါ်စွပ်စွဲချက်တွေ ထောင်ဒဏ်တွေ၊ လွှတ်တော်အမတ်အဖြစ်ကနေ ဖယ်ရှားတဲ့ လုပ်ရပ်တွေကို ဂရုမစိုက်သလို ကြောက်လည်း မကြောက်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။ အခုလို သူ့အပေါ် လုပ်ရပ်တွေကို နိုင်ငံရေးအရ လုပ်နေတာလို့လည်း ပြောပါတယ်။

ဘီလျံနာသူဌေးကြီး Gautam Adani နဲ့ ဝန်ကြီးချုပ် Narendra Modi တို့ကြား ဆက်ဆံရေးကို စုံစမ်းပေးဖို့ သူတောင်းဆိုနေတဲ့အတွက် သူ့ကို အောက်လွှတ်တော်အမတ် နေရာကနေ ဖယ်ရှားလိုက်တာ ဖြစ်တယ်လို့လည်း Rahul Gandhi က သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။ ဘီလျံနာသူဌေးကြီး Adani ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ငွေကြေးမသမာမှုတွေ ရှိတယ်လို့ဆိုတဲ့ စွပ်စွဲမှုတွေကြောင့် အိန္ဒိယ တရားလွှတ်တော်ချုပ်က စုံစမ်းစစ်ဆေးဖို့ အထူးအဖွဲ့ကို တာဝန်ပေးထားပါတယ်။

၂၀၁၉ ခုနှစ် မဲဆွယ်ပွဲတခုအတွင်း ဝန်ကြီးချုပ် Narendra Modi နဲ့ နာမည်တူတဲ့ Modi ဆိုတဲ့ နာမည်ပါသူတိုင်း ဘာကြောင့် သူခိုးတွေ ဖြစ်နေရတာလဲလို့ အတိုက်အခံ Congress ပါတီ ကိုယ်စားပြုလွှတ်တော်အမတ် Rahul Gandhi က ပြောကြားခဲ့ပြီးနောက် Gujarat ပြည်နယ်က အာဏာရပါတီခေါင်းဆောင် Purnesh Modi က သူ့အပေါ် တရားစွဲခဲ့ပါတယ်။

ဒီအမှုအတွက် ထောင်ဒဏ် ၂ နှစ်တရားရုံးက ချမှတ်ခဲ့ပေမဲ့ အယူခံဝင်နိုင်တဲ့ ရက် ၃၀ အတွင်း အာမခံနဲ့ သူ့ကို လွှတ်ပေးထားတာပါ။ ရှေ့နှစ် အိန္ဒိယမှာကျင်းပမယ့် ခုနှစ်ရွေးကောက်ပွဲတွေကျရင် ဝန်ကြီးချုပ် Modi အတွက် Rahul Gandhi ဟာ အဓိက ပြိုင်ဘက် ဖြစ်လိမ့်မယ်လို့ သုံးသပ်နေကြချိန်မှာ ထောင်ဒဏ်အပြစ်ပေးခံထားရတာ ဖြစ်ပါတယ်။

====Unicode =====






XS
SM
MD
LG