သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂါဂြိုဟ်သွား အာကာသယာဉ် အိန္ဒိယလွှတ်တင်ပြီ


အိန္ဒိယနိုင်ငံဟာ ဒီကနေ့ပဲ အင်္ဂါဂြိုဟ်ပေါ်ကို အာကာသ စူးစမ်းလေ့လာရေး ယာဉ်တစင်း အောင်အောင်မြင်မြင် လွှတ်တင်လိုက်နိုင်ပြီမို့ အင်္ဂါဂြိုဟ်ပေါ်သွားနိုင်တဲ့ လက်တဆုပ်စာ တိုင်းပြည်တွေထဲက တခုပါဝင်နိုင်ပြီဖြစ်ပါတယ်။

ရက်ပေါင်း ၃၀၀ ကြာမြင့်မယ့် အင်္ဂါဂြိုဟ် ခရီးစဉ်အတွက် လူမပါတဲ့ အာကာသယာဉ်တစင်းကို နိုင်ငံအရှေ့တောင်ပိုင်းမှာရှိတဲ့ Sriharikota ကျွန်းပေါ်ကနေ လွှတ်တင်လိုက်ပြီး ၄၄ မိနစ်အကြာမှာပဲ ကမ္ဘာရဲ့ ဂြိုဟ်ပတ်လမ်းကြောင်းထဲ ရောက်ရှိသွားခဲ့ကြောင်း အိန္ဒိယ အာကာသ သိပ္ပံသုတေသနဌာနက ပြောပါတယ်။

အာကာသယာဉ်ဟာ အင်္ဂါဂြိုဟ်ကို လှည့်ပတ်ပြီး ရာသီဥတုအခြေအနေကို စူးစမ်းလေ့လာမှာ ဖြစ်ပါတယ်။ တချိန်က အင်္ဂါဂြိုဟ်မှာ ရှိခဲ့ဖူးတယ်လို့ ယုံကြည်ထားကြတဲ့ ရေတွေ ဘယ်ရောက်ကုန်သလဲ ဆိုတာကိုလည်း လေ့လာဖို့ ရည်မှန်းထားသလို၊ ကမ္ဘာပေါ်က သက်ရှိတွေ ဖွဲ့စည်းမှုမှာ အခရာကျတဲ့ မီသိန်းဓာတုဓာတ် ရှိ မရှိ ဆိုတာကိုလည်း ရှာဖွေကြမှာပါ။

အင်္ဂါဂြိုလ်ကိုတော့ လတ်တလော ဥရောပသမဂ္ဂ (EU)၊ အမေရိကန်နဲ့ ရုရှားနိုင်ငံတွေကသာ စူးစမ်းလေ့လာရေးယာဉ်တွေ အောင်အောင်မြင်မြင် စေလွှတ်နိုင်ပါသေးတယ်။

ဂျပန်နဲ့ တရုတ်နိုင်ငံတွေ အပါအဝင် ကမ္ဘာပေါ်က နိုင်ငံပေါင်း ထက်ဝက်လောက်ကတော့ အင်္ဂါဂြိုဟ်ကို အာကာသယာဉ်တွေ စေလွှတ်ဖို့ ကြိုးပမ်းခဲ့ဖူးပေမဲ့ အောင်မြင်မှုတော့ မရခဲ့ကြပါဘူး။ အင်္ဂါဂြိုဟ်ပေါ်ကို ခြေချနိုင်တာကတော့ အမေရိကန်ပြည်ထောင်စု တခုတည်းသာ ရှိနေသေးပြီး နောက်ဆုံးရောက်ရှိခဲ့တာကတော့ Curiosity အာကာသယာဉ် ဖြစ်ပါတယ်။
XS
SM
MD
LG