သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး အိန္ဒိယ အကူညီပေးဖို့ Guterres ပန်ကြား


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က

ရိုဟင်ဂျာ အကြပ်အတည်းဖြေရှင်းရေး အိန္ဒိယအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဝိုင်းဝန်းကူညီပံ့ပိုးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က သူရဲ့ အိန္ဒိယ ခရီးစဉ်အတွင်း ပြောကြားခဲ့ပါတယ်။

ဒေသတွင်း ခွဲခြားဆက်ဆံခံနေရတဲ့ လူမှုအသိုင်းအဝိုင်းရှိနေခြင်းအားဖြင့် အကြမ်းဖက်သမားတွေကို ဖိတ်ခေါ်ရာရောက်နေတယ်လို့လည်း အင်္ဂါနေ့က နယူးဒေလီမှာပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေအကြောင်း ဟောပြောပွဲမှာ Antonio Guterres က သတိပေး ပြောဆိုခဲ့ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

အင်္ဂါနေ့က နယူးဒေလီမြို့တော် the India Habitat Center မှာ Global Challenges, Global Solutions ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုနဲ့ ဖြေရှင်းမှုခေါင်းစဉ်နဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့ အိန္ဒိယ လူငယ်ထုနဲ့ တွေ့ဆုံဟောပြောပွဲမှာ ရိုဟင်ဂျာဒုက္ခသည်အရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးဖို့ အိန္ဒိယကို Antonio Guterres က အခုလို တိုက်တွန်းခဲ့ပါတယ်။

“အိန္ဒိယအနေနဲ့ ဘာလုပ်နိုင်သလဲဆိုရင် ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပံ့ပိုးပေးပါ။ အဲဒီမှာ မုတ်သုန်မိုးကာလ ဖြစ်နေတဲ့အတွက် လူသားချင်းစာနာမှုဆိုင်ရာ ဒုက္ခအကျပ်အတည်း ကြီးကြီးမားမား ရင်ဆိုင်နေရပါတယ်။ ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂအနေနဲ့ အထောက်အပံ့တွေ အကြီးအကျယ်ကူညီထားပေမယ့်လည်း လုံလောက်မှု မရှိပါဘူး။ သူတို့ကို ကူညီနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ထောက်ပံ့ဖို့ လိုပါတယ်။”

လွန်ခဲ့တဲ့နှစ်တွေတုန်းက ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး တာဝန်ကို ထမ်းဆောင်စဉ် သူ့အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို အကြိမ်များစွာ သွားရောက်ခဲ့ချိန်မှာ ရိုဟင်ဂျာတွေ ဖိနှိပ်ခံရမှုအခြေအနေကို သူကိုယ်တိုင် တွေ့ခဲ့ရတယ်လို့လည်း Antonio Guterres ကပြောပါတယ်။

“ကျနော်ရဲ့ အတွေ့အကြုံကိုပြောပြရရင် ကမ္ဘာပေါ်မှာ ရိုဟင်ဂျာတွေလောက် ဆိုးဆိုးဝါးဝါးခွဲခြားခံရတဲ့ အသိုင်းအဝိုင်းမျိုး ကျနော် မတွေ့ဘူးပါဘူး။ သူတို့မှာ လွတ်လပ်စွာသွားလာခွင့် မရှိဘူး။ ရွာတရွာနဲ့ တရွာ သွားဖို့ ရဲရဲ့ခွင့်ပြုချက်တောင်းခံရပါတယ်။ ခွင့်ပြုချက်မရပဲ လက်ထပ်ခွင့်မရှိပါဘူး။ ကလေးအများစုအတွက် ကျောင်းပညာ သင်ကြားခွင့် ကန့်သတ်ထားသလို ရန်ကုန်တက္ကသိုလ်တက်ရောက်ခွင့်အပါအဝင် အခြား တက္ကသိုလ်ပညာသင်ကြားခွင့်တွေလည်း ကန့်သတ်ခံထားရပါတယ်။ ကျန်းမာရေး ဆေးဝါးကုသခွင့်၊ အလုပ်အကိုင်ရရှိခွင့်၊ အသက်မွေးဝမ်းကျောင်း စတာတွေကိုလည်း ကန့်သတ်ထားပါတယ်။”

ဒါအပြင် အရင် မြန်မာ အရပ်သားတပိုင်း အစိုးရ လက်ထက် ထိပ်ပိုင်းခေါင်းဆောင်တွေမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးရေးအရခွဲခြားမှုနဲ့ အဆိုးမြင်တဲ့သဘောထား အမြစ်တွယ်နေတာကို တွေ့ခဲ့ရတယ်လို့ ကုလအတွင်းရေးမှူးချုပ်က ဆိုပါတယ်။ ရခိုင်ပြည်နယ်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ရိုဟင်ဂျာတွေကို အခြားနိုင်ငံတွေမှာ ဒုက္ခသည်တွေအဖြစ် သွားရောက်အခြေချခွင့်ရအောင် လုပ်ပေးဖို့ အစိုးရအမြင့်ဆုံးခေါင်းဆောင်တဦးက သူ့ကို ပြောခဲ့တယ်လို့လည်း Antonio Guterres ကပြောပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး အနေနဲ့ ဒုက္ခသည်တွေ အဖြစ် ဖန်တီးဖို့ဟာ သူ့တာဝန်မဟုတ်ပဲ ဒုက္ခသည်ဖြစ်ရတဲ့ ပြဿနာကို ဖြေရှင်းဖို့က သူရဲ့ တာာဝန်ဖြစ်ကြောင်း ပြန်ပြောခဲ့တယ်လို့ Mr. Guterres ကဆိုပါတယ်။ ဒီအမြင်ကိုကြည့်ရင် ရိုဟင်ဂျာတွေအပေါ် အဆိုးမြင်တဲ့ အမြင် ဘယ်လောက်ထိ အမြစ်တွယ်နေသလဲဆိုတာ ပြနေကြောင်း ဒီလို ခွဲခြားခံနေရတဲ့ လူမှုအသိုင်းအဝိုင်းတည်ရှိနေတာဟာ အကြမ်းဖက်သမားတွေကို ဖိတ်ခေါ်ရာရောက်နေတယ်လို့ သုံးသပ်ကြောင်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။

“ဒီလို ခွဲခြားဆက်ဆံမှုတွေရှိနေပြီး ဆိုးရွားလှတဲ့ အခြေအနေအောက်မှာ နေထိုင်နေရတဲ့ လူမှုအသိုင်းအဝိုင်းရှိနေခြင်းအားဖြင့် အကြမ်းဖက်အုပ်စုတွေအတွက် အမြတ်ထုတ်နိုင်ဖို့ ဖိတ်ခေါ်နေတာပါ။ အခုလို ဆိုးရွားတဲ့ ထိခိုက်မှုတွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံထဲသာမက ဒေသတခုလုံးကို သက်ရောက်မှုတွေရှိနိုင်တာပါ။ ဒါကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့နေရပ်ပြန်နိုင်ရေးနဲ့ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေး ရရှိရေး ကူညီပံ့ပိုးမှုဟာ ကျနော်တို့အားလုံးအတွက် အလွန်ကို အရေးကြီးတယ်လို့ ကျနော်မြင်ပါတယ်။”

အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည် တသန်းကျော်ရှိနေပြီးသူတို့တွေရဲ့ ရွာတွေ မီးရှို့ဖျက်ဆီးခံရတာအပါအဝင် အတင်းအဓမ္မပြုကျင့်မှုနဲ့ သတ်ဖြတ် ညှမ်းပမ်းနှိပ်စက်မှု မျိုးစုံကို ခံစားခဲ့ကြရတယ်လို့လည်း ကုလအတွင်းရေးမှူးချုပ်Antonio Guterres ကပြောပါတယ်။ ဒါကြောင့် ဆိုးရွားလှတဲ့ ပြစ်မှုကျူးလွန်မှုတွေအတွက် တာဝန်ခံ၊ တာဝန်ယူမှုရှိရမှာဖြစ်တယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း အခုလို တဆက်တည်းပြောပါတယ်။

“ဒီပြစ်မှုကျူးလွန်မှုတွေအတွက် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိသင့်တယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဆိုးရွား ပြင်းထန်လှတဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ ဒီပြစ်မှုတွေအတွက် တာဝန်ယူတာ၊ အပြစ်ပေးအရေးယူတာ ရှိသင့်တယ်လို့ ကျနော်ယုံကြည်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတာ ကျနော်သိပါတယ်။ ICC ခုံရုံးဘက်က ဘယ်လောက်အထိ တရားစီရင်ခွင့် ရနိုင်မလဲ ကျနော် မသိပါဘူး။ သေချာတာကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ အခြေအနေဟာ မယုံနိုင်စရာကောင်းလောက်အောင် ဆိုးရွားလွန်းလှပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ပြီး နိုင်ငံသားတွေရဲ့ အခြေခံရပိုင်ခွင့်နဲ့အညီ နေထိုင်ခွင့်ရအောင်လုပ်ခြင်းအားဖြင့် ဒေသတွင်း တည်ငြိမ်မှုရဖို့ အထောက်အကူပေးမှာဖြစ်သလို ဒီအတွက်လည်း မြန်မာနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ အိန္ဒိယအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ကို လုံလုံခြုံခြုံပြန်နိုင်ရေး မြန်မာကို ဖိအားပေးဖို့ ကုလအတွင်းရေးမှူးချုပ်Antonio Guterres ကအကြံပြုတိုက်တွန်းခဲ့ပါတယ်။

“ပြန်လည်ရင်ကြားစေ့ရေးနဲ့ ဒုက္ခသည်တွေပြန်နိုင်ရေး အခြေအနေတွေကို ဖန်တီးဖို့ မြန်မာအစိုးရ အထူးသဖြင့် မြန်မာစစ်တပ်အပေါ် ဖိအားပေးရမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ ဒုက္ခသည်တွေ နေရပ် မပြန်နိုင်သေးပါဘူး။ သူတို့ကြောက်ရွံနေကြပါတယ်။ သူတို့နေရပ်မှာ ဂုဏ်သိက္ခာရှိရှိ လုံလုံခြုံခြုံနေဖို့ အခြေအနေတွေ မရှိသေးပါဘူး။ ဒီအတွက် အိန္ဒိယ၊ တရုတ်လို မြန်မာနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ နိုင်ငံတွေအနေနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး မြန်မာကို တတ်နိုင်သမျှနည်းလမ်းတွေနဲ့ ဖိအားပေးရမှာဖြစ်ပါတယ်။”

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ဟာ အောက်တိုဘာလ ၁- ၃ ရက်နေ့ထိ အိန္ဒိယနိုင်ငံခရီးစဉ်တွင်း အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi အပါအဝင် အိန္ဒိယ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ရိုဟင်ဂျာအရေး အိန္ဒိယ အကူညီပေးဖို့ Guterres ပန်ကြား
please wait

No media source currently available

0:00 0:05:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG