အိန္ဒိယဝန်ကြီးချုပ်ဟောင်း Manmohan Singh ရဲ့ ဈာပနအခမ်းအနားကို New Delhi မြို့တော်မှာ နိုင်ငံတော်အခမ်းအနားနဲ့ ဒီနေ့ ကျင်းပခဲ့ပါတယ်။ ယမုံနာမြစ်ကမ်းဘေးမှာ ကျင်းပတဲ့ နိုင်ငံတော်ဈာပနအခမ်းအနားကို မိသားစုဝင်တွေအပြင် အစိုးရအရာရှိတွေ၊ နိုင်ငံရေးသမားတွေ တက်ရောက်ခဲ့ကြပါတယ်။
ဝန်ကြီးချုပ်ဟောင်း Singh ဟာ အိန္ဒိယနိုင်ငံရဲ့ သူမတူအောင် ထူးခြားတဲ့ ဝန်ကြီးချုပ် ဖြစ်တယ်လို့ ပြောကြားခဲ့တဲ့ လက်ရှိဝန်ကြီးချုပ် Narendra Modi, အိန္ဒိယသမ္မတ Draupadi Murm, အောက်လွှတ်တော်ဥက္ကဋ္ဌ Rahul Gandhi တို့လည်း တက်ရောက်ဂါရဝပြုပါတယ်။ ဘူတန်ဘုရင် Jigme Khesar Namgyel Wangchuck အပါအဝင် နိုင်ငံခြားခေါင်းဆောင်တချို့လည်း လာရောက်ခဲ့ကြပါတယ်။
Sikh ဘာသာဝင်တယောက်ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်းရဲ့ ဈာပနကို Sikh ထုံးတမ်းစဉ်လာနဲ့အညီကျင်းပပြီး မီးသဂြိုလ်ခဲ့ပါတယ်။ ဈာပနအခမ်းအနား မကျင်းပခင် မနက်ပိုင်းကတော့ သူ့ရဲ့ ရုပ်အလောင်းကို Congress ပါတီဌာနချုပ်မှာ ခေတ္တထားခဲ့ချိန်မှာ ပါတီခေါင်းဆောင်တွေ ပြည်သူတွေလာရောက် ဂါရဝပြုခဲ့ကြပါတယ်။ ထာရဝရှင်သန်နေသူ Manmohan Singh ဆိုပြီးလည်း အော်ဟစ်ကြွေးကြော်ခဲ့ကြပါတယ်။
ဒီဇင်ဘာ ၂၆ ရက်က အသက် ၉၂ နှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း Manmohan Singh ဟာ အိန္ဒိယနိုင်ငံရဲ့ စီးရေးကို လွတ်လပ်တဲ့ စီးပွားရေးဈေးကွက်တခုဖြစ်အောင် ပြုပြင်ပြောင်းလဲပေးခဲ့သူ ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ကြိုးပမ်းခဲ့သူတယောက်အဖြစ်လည်း အသိအမှတ်ပြုခံရသူ ဖြစ်တာနဲ့အတူ သူကွယ်လွန်သွားတဲ့အပေါ် အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ တရုတ်၊ ပါကစ္စတန် စတဲ့နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက ဝမ်းနည်းကြောင်း ပြောဆိုခဲ့ကြပါတယ်။
Forum