သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာမူဆလင်တွေကို အိန္ဒိယ စတင်မောင်းထုတ်


အိန္ဒိယနိုင်ငံ၊ Jammu မြို့ရှိ တဲအိမ်များတွင် နေထိုင်နေကြသည့် ရိုဟင်ဂျာမွတ်ဆလင်မိသားစုများ။ မေ ၅၊ ၂၀၁၇။
အိန္ဒိယနိုင်ငံ၊ Jammu မြို့ရှိ တဲအိမ်များတွင် နေထိုင်နေကြသည့် ရိုဟင်ဂျာမွတ်ဆလင်မိသားစုများ။ မေ ၅၊ ၂၀၁၇။

အိန္ဒိယနိုင်ငံထဲ တရားမဝင်လာရောက်နေသူတွေကို စစ်ဆေးပြီး နေရပ်ရင်း ပြန်ပို့ဖို့ မနှစ်က ပြည်ထဲရေးဝန်ကြီးရဲ့ အမိန့်ထုတ်ပြန် ခဲ့ချိန်ကစပြီး ပထမဆုံးအဖြစ် အိန္ဒိယနိုင်ငံထဲ ရောက်နေတဲ့ ရိုဟင်ဂျာမူစလင်တွေထဲက ၇ ဦးကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ အိန္ဒိယအစိုးရက စီစဉ်နေပါတယ်။

ဒီ ၇ ဦးဟာ ၂၀၁၂ ခုနှစ်မှာ အိန္ဒိယနိုင်ငံထဲ တရားမဝင်လာရောက်ခဲ့တဲ့အတွက် အာသံပြည်နယ်အကျဉ်းထောင်မှာ ထိန်းသိမ်းထာားတာ ဖြစ်ကြောင်း အကြီးတန်းရဲအရာရှိ Bhaskar Jyoti Mahanta က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ မြန်မာအာဏာပိုင်တွေ ဆီက သူတို့အတွက် ခရီးသွားခွင့်ပြုချက်တွေ ရထားပြီးဖြစ်တဲ့အတွက် ကြာသပတေးနေ့မှာ နယ်ခြားစောင့်တပ် တွေလက်ထဲ လွှဲပြောင်းပေးဖို့ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် သူတို့ ၇ ဦးကို ဗုဒ္ဓဟူးနေ့က အာသံအကျဉ်းထောင်ကနေ မဏိပူ ပြည်နယ်ထဲက နယ်စပ်မြို့ မိုရေးကို ဘတ်စ်ကားနဲ့ ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ ၇ သိန်းလောက်ရှိနေသလို အိန္ဒိယနိုင်ငံ ဒေသစုံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာက ၄ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာ မှတ်ပုံတင်ထားသူကတော့ တသောင်းခွဲ မပြည့်ပါဘူး။

ရိုဟင်ဂျာအများစုဟာ မူစလင်အများစုရှိရာ တောင်ပိုင်းက Hyderabad မြို့ မြောက်ပိုင်း Uttar Pradesh ပြည်နယ်နဲ့ New Delhi မြို့တွေ အပြင် Jammu-Kashmir ဒေသတွေမှာပါ သွားရောက်နေထိုင်ကြတာပါ။ Kashmir မြောက်ပိုင်းနဲ့ မြောက်ပိုင်းပြည်နယ်တွေက လက်နက်ကိုင် သူပုန်တွေကို နှိမ်နင်းနေရတဲ့ အိန္ဒိယအစိုးရက နိုင်ငံ့လုံခြုံရေးအတွက် အစွန်းရောက်ခြိမ်းခြောက်မှုရှိနေသူတွေထဲမှာ အိန္ဒိယမြို့ကြီး အများအပြားမှာ အခြေချနေတဲ့ ရိုဟင်ဂျာ မူစလင်တွေ ပါနေကြောင်း အထောက်အထားတွေ ရထားတယ်လို့ ပြောပါတယ်။

တရားမဝင် လာရောက်သူရှိမရှိ စစ်ဆေးဖို့ ပြည်နယ်တွေကို ညွှန်ကြားထားသလို တရားမဝင်လာရောက်သူတွေကို နေရပ်ရင်းပြန်ပို့မှာ ဖြစ်ပြီး ဒီအထဲမှာ ကုလသမဂ္ဂက ဒုက္ခသည်အဖြစ်အသိမှတ်ပြုထားသူတွေ အပါအဝင် ရိုဟင်ဂျာအားလုံးကို ဌာနေပြန်ပို့မှာ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG