သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အလွတ်ဆွေးနွေးပွဲ နယူးဒေလီမြို့မှာ ကျင်းပဖို့ပြင်


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုအခြေအနေတွေ တိုးလာနေတာနဲ့ ပတ်သက်ပြီး ဆွေးနွေးအဖြေရှာနိုင်ဖို့ ရည်ရွယ်တဲ့ အစိုးရရော အစိုးရမဟုတ်တဲ့ တတ်သိညာရှင်တွေပါ ပါဝင်တဲ့ ဆွေးနွေးပွဲတရပ်ကို ရှေ့သီတင်းပတ်ထဲ ရှေ့လထဲ အိန္ဒိယန်ိုင်ငံမှာ ကျင်းပဖို့ စီစဉ်နေပါတယ်။

ပြီးခဲဲ့တဲ့သီတင်းပတ်က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ လူတွေ အစုအပြုံလိုက် သေဆုံးခဲ့ရတဲ့ မြန်မာစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုလို ဆွေးနွေးပွဲ ကျင်းပဖို့ စီစဉ်နေတာလို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

1.5 Track လို့ခေါ်တဲ့ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ တတ်သိညာရှင်တွေပါတဲ့ အလားတူ မြန်မာ့အရေးဆွေးနွေးပွဲမျိုး အရင်က ထိုင်းနိုင်ငံမှာ ကျင်းပခဲ့ဖူးပြီး တိုးတက်မှု တစုံတရာ ရှိခဲ့တာကြောင့် ဒီဆွေးနွေးပွဲအဆက်အဖြစ် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပမှာ ဖြစ်တဲ့အကြောင်း ထိုင်း PBS သတင်းကလည်း ဖော်ပြပါတယ်။

ဒီဆွေးနွေးပွဲမှာ အာဆီယံနိုင်ငံတွေက မူဝါဒလေ့လာရေး အဖွဲ့ဝင်တွေ၊ မြန်မာ့ အိမ်နီးချင်းနဲ့ ဒေသတွင်း ဆွေးနွေးဘက် နိုင်ငံတွေပါမယ်လို့ ပြောပါတယ်။ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား၊ ကမော္ဘဒီးယားနဲ့ ဂျပန်နိုင်ငံတွေက အစိုးရ ကိုယ်စားလှယ်တွေအပြင်၊ ဒေသတွင်းနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုအဖွဲ့တွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ ဖိတ်ကြားထားတယ်လို့ PBS သတင်းက ဖော်ပြပါတယ်။

ဒီလ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ သုံးရက်ကြာ ဆွေးနွေးပွဲတွေမှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၁၆၀ ကျော်သေဆုံးခဲ့ရတဲ့ ပဇီကြီးဖြစ်ရပ် အပါအဝင် မြန်မာနိုင်ငံတွင်း လက်ရှိအခြေအနေတွေကို ဆွေးနွေးသွားမယ့်အကြောင်းလည်း အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး PBS သတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး အပါအဝင် အာဆီယံရဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူချက် အကောင်အထည်ဖော်မှုတွေ အရာမထင် ဖြစ်နေချိန်မှာ ဒီဆွေးနွေးပွဲ ကျင်းပမှာဖြစ်ပြီး ဆွေးနွေးပွဲက ရလာတဲ့ ဆွေးနွေးချက်တွေကိုတော့ အာဆီယံနိုင်ငံတွေက အဆင့်မြင့် အရာရှိတွေထံကို ဆက်ပြီး တင်ပြသွားမယ့် အကြောင်း အမည်မဖော်လိုတဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။

XS
SM
MD
LG