သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတမန်ဖမ်းဆီးတဲ့ကိစ္စ အိန္ဒိယလက်တုံ့ပြန်မှုတိုးမြှင့်


နယူးဒေလီမြို့မှာရှိတဲ့ အမေရိကန်သံရုံး ကလပ်အသင်းက ကုန်သွယ်မှုဆိုင်ရာ လှုပ်ရှားမှုတွေအားလုံး ရပ်တန့်ပစ်ဖို့ အိန္ဒိယအစိုးရက တောင်းဆိုလိုက်ပါတယ်။ ဒါဟာ အိန္ဒိယသံတမန်ကို အမေရိကန်အစိုးရက ဖမ်းဆီး စစ်ဆေးလိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ လက်တုံ့ပြန်မှုတွေထဲက နောက်ဆုံးတစ်ခုလဲ ဖြစ်ပါတယ်။

သံရုံးမှာရှိတဲ့ American Community Support Association မှာ သံတမန်မဟုတ်တဲ့သူတွေ အသုံးပြုခွင့်ကို ဇန်နဝါရီလ ၁၆ ရက်နေ့ နောက်ဆုံးထား သတ်မှတ်လိုက်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်တာပါ။

အဲဒီနေရာမှာ အရက်ဘား၊ စားသောက်ဆိုင်၊ ရေကူးကန်၊ အားကစား လေ့ကျင့်ခန်း၊ Bowling ကစားတဲ့နေရာနဲ့ တခြား အပန်းဖြေစရာတွေ ဖန်တီးပေးထားတာကြောင့် အမေရိကန်သံတမန်တွေနဲ့ အမေရိကန်နိုင်ငံသားတွေ ဒေါ်လာထောင်နဲ့ပေးပြီး အသုံးပြုနေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ယာဉ်စည်းကမ်းဖောက်ဖျက်တဲ့ အမေရိကန်သံတမန်တွေအနေနဲ့လည်း သံတမန်ကင်းလွတ်ခွင့် ပေးထားတာကိုလည်း ပြန်လည် ရုပ်သိမ်းလိုက်တဲ့အကြောင်း အိန္ဒိယအရာရှိတွေက ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တုန်းက နယူးယောက်မြို့မှာ အိန္ဒိယသံတမန် Devyani Khobragade ကို ဖမ်းဆီးစစ်ဆေးလိုက်တဲ့ နောက်ဆက်တွဲအဖြစ်နဲ့ အခုလို သံတမန်ရေးအရ တင်းမာမှုတွေ ဆင့်ကဲ ဖြစ်ပေါ်လာတာပါ။

အဲဒီအိန္ဒိယသံတမန်အနေနဲ့ အိမ်ဖော်အဖြစ် ခေါ်လာသူကို သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလစာထက် လျော့ပြီး ငှားရမ်းထားတဲ့အပြင် အဲဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်ဝင်ခွင့်ဗီစာ လျှောက်တဲ့နေရာမှာလည်း လိမ်လည် ဖော်ပြထားတယ်ဆိုတဲ့ သူ့အပေါ် တင်ထားတဲ့ စွဲချက်တွေကိုတော့ အဲဒီ သံတမန် အမျိုးသမီးက ငြင်းဆိုထားပါတယ်။
XS
SM
MD
LG