သုံးရလွယ်ကူစေသည့် Link များ

အိန္ဒိယက နီပေါကို လျှပ်စစ်ဓါတ်အား ကူညီမည်

  • ဗွီအိုအေ (မြန်မာဌာန)

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj (ဝဲ) နဲ့ နီပေါနိုင်ငံခြားရေးဝန်ကြီး Mahendra Bahadur Pandey (ယာ) (ဂျူလိုင် ၂၆၊ ၂၀၁၄)

လျှပ်စစ်စွမ်းအား အကြီးအကျယ် လိုအပ်မှုအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ နီပေါနိုင်ငံကို အိန္ဒိယက လျှပ်စစ်ဓါတ်အား တင်ပို့မယ့် သဘောတူညီချက်ကို နှစ်နိုင်ငံအကြား အတည်ပြုလိုက်ပြီဖြစ်ကြောင်း နီပေါနိုင်ငံကို တရားဝင် ၃ ရက်ကြာ သွားရောက်လည်ပတ်အပြီးမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

၂၀၀၆ ခုနှစ်အထိ ကွန်မြူနစ်သူပုန်တွေရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရသလို အဲဒီနောက်မှာလည်း နိုင်ငံရေး မတည်ငြိမ်မှုတွေ ဆက်တိုက် ဖြစ်ပေါ်နေခဲ့တဲ့ အတွက် နီပေါနိုင်ငံအနေနဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်နိုင်ဖို့ အခက်အခဲတွေ ရှိနေသလို ကိုယ်ပိုင် တည်ဆောက်နိုင်ဖို့ ငွေကြေးလည်း မတတ်နိုင်ဘူး ဖြစ်နေတာပါ။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj ရဲ့ ခရီးစဉ်အတွင်း လျှပ်စစ်ဓါတ်အား ပံ့ပိုးပေးရေးအပါအ၀င် သဘောတူညီချက် ၂၆ ခုကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဲဒီ သဘောတူညီချက်အရ အိန္ဒိယက နီပေါလ်နိုင်ငံကို လျှပ်စစ်ဓါတ်အား ထောက်ပံ့ပေးမှာ ဖြစ်တဲ့အပြင် ရေအားလျှပ်စစ်ဆည် တည်ဆောက်နိုင်ရေးအတွက်လည်း အကူအညီပေးသွားမှာ ဖြစ်ပါတယ်။

တိုင်းပြည်အတွင်း လိုအပ်နေတဲ့ လျှပ်စစ်ဓါတ်အား စုစုပေါင်းရဲ့ ထက်ဝက်လောက်ကိုပဲ အစိုးရက ထုတ်လုပ်နိုင်တဲ့အတွက် ပြည်သူလူထုအနေနဲ့ နေ့စဉ် တနေ့ကို ၁၂ နာရီလောက် လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ တခြား သဘောတူညီချက်တွေနဲ့ပတ်သက်လို့တော့ အသေးစိတ် ထုတ်ပြန်ခြင်း မရှိပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG