သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယအမျိုးသမီး တိုက်လေယာဉ်မှူး


အိန္ဒိယလေတပ်က အမျိုးသမီး ၃ ဦးကို တိုက်လေယာဉ်မှူးအဖြစ် လက်ခံလိုက်တဲ့အတွက် ကမ္ဘာမှာအင်အားအကြီးဆုံး စစ်တပ်တွေထဲက တခုဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ပထမဆုံးအကြိမ် အမျိုးသမီးတွေ တိုက်ခိုက်ရေး လုပ်ငန်းတွေမှာ ပါဝင်ခွင့်ရဖို့ လမ်းပွင့်သွားပါတယ်။

ဟိုက်ဒရာဘတ်မြို့က စနေနေ့ စစ်ရေးပြအခမ်းအနားအတွင်း Mohana Singh၊ Bhawana Kanth နဲ့ Avani Chaturvedi တို့ကို အိန္ဒိယလေတပ်ရဲ့ လေသူရဲတွေအဖြစ် တရားဝင် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်၊ ဗြိတိန်၊ အစ္စရေးလ်နဲ့ အိမ်နီးချင်း ပါကစ္စတန်တို့လိုပဲ စစ်သည်အင်အား ၁ သန်း ၂ သိန်းရှိတဲ့ အိန္ဒိယနိုင်ငံမှာလည်း အမျိုးသမီးတွေကို လေတပ်မှာ နေရာပေးလာတာ ဖြစ်ပါတယ်။

အိန္ဒိယကြည်းတပ်နဲ့ ရေတပ်တို့ဟာလည်း လေတပ်ရဲ့ ခြေရာကိုနင်းလာနိုင်တဲ့ အလားအလာတွေ ရှိနေပါတယ်။ အိန္ဒိယလက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးတပ်တွေ အားလုံးမှာ အမျိုးသမီးတွေကို အမှုထမ်းခွင့် ပေးမယ့်အကြောင်း ဖေဖော်ဝါရီလထဲ လွှတ်တော်မှာ အိန္ဒိယသမ္မတ Pranab Mukherjee ကလည်း ကြေညာထားတာပါ။

အမျိုးသမီး လေသူရဲတဦးအဖြစ် ကြုံရနိုင်တဲ့ စိန်ခေါ်မှုတွေကို မေးမြန်းရာမှာတော့ အမျိုးသမီး တိုက်လေယာဉ်မှူးတဦးဖြစ်တဲ့ မိုဟာနာ ဆင်းဂ် ကတော့၊ အမျိုးသားတွေ ကြုံရတာနဲ့ ဘာမှကွာခြားမှာ မဟုတ်တဲ့အကြောင်း ဖြေကြားသွားပါတယ်။

အိန္ဒိယလေတပ်က လေယာဉ်မှူး ၁၅၀၀ အနက် အမျိုးသမီး ၁၀၀ လောက် ပါဝင်ပေမဲ့လည်း၊ ရဟတ်ယာဉ်နဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေကိုသာ မောင်းနှင်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG