သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရွေးကောက်ပွဲ မြန်မာ့ရှုထောင့်


မမြသဇင်အောင် နှင့် အယ်ဒီတာ ဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်၊ ဇွန် ၁၂၊ ၂၀၂၄)
မမြသဇင်အောင် နှင့် အယ်ဒီတာ ဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်၊ ဇွန် ၁၂၊ ၂၀၂၄)

အိန္ဒိယ ရွေးကောက်ပွဲမှာ ဟိန္ဒူအမျိုးသားရေးပါတီ BJP က ၃ ကြိမ်ဆက်တိုက် အနိုင်ရလိုက်တဲ့အတွက် မတူကွဲပြားမှုတွေများတဲ့ အိန္ဒိယမှာ ဒီမိုကရေစီ ဆက်ပြီးရှင်သန်နေတာ တွေ့ရပါတယ်။ ဗြိတိသျှလက်အောက်က လွတ်မြောက်လာတာချင်း တူညီပြီး၊ အိန္ဒိယလောက် မတူကွဲပြားမှုတွေ မများလှတဲ့ မြန်မာနိုင်ငံကတော့ အလှမ်းဝေးနေသေးတဲ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေရဆဲ ဖြစ်ပါတယ်။ အိန္ဒိယနဲ့ မြန်မာ ကွာခြားနေတဲ့ အခြေအနေတွေကို ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာရှင်။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မမြသဇင်

မေး ။ ။ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ (Narendra Modi) ရဲ့ပါတီကဘဲ ရွေးကောက်ပွဲမှာ ၂၄၁ နေရာနဲ့ အများဆုံးရခဲ့ပါတယ်။ ဒီတော့ ဟိန္ဒူအမျိုးသားရေးဝါဒီ ဝန်ကြီးချုပ် မိုဒီရဲ့ပါတီကို လူကြိုက်များနေသေးတယ်ဆိုတဲ့ သဘောပါလား။

ဖြေ ။ ။ ဟုတ်ပါတယ်။ အဓိက ကြိုက်တာကတော့ ဟိန္ဒူတွေ ပိုကြိုက်မှာပေါ့။ အိန္ဒိယနိုင်ငံမှာ အဓိက ဟိန္ဒူက ပိုများတာကို မူဆလင်လူဦးရေနဲ့ သူတို့က အဓိကဆန့်ကျင်ဘက်လို ပြောနိုင်တယ်ပေါ့လေ။ အိန္ဒိယမှာရှိတဲ့ မူဆလင်ဦးရေက ဒီလောက်မများနိုင်တော့ ဟိန္ဒူတွေ အများကြီးကြိုက်ရင်တော့ သူတို့ ရွေးကောက်ပွဲ အနိုင်ရမှာပါဘဲ။ ဒါပေမဲ မိုဒီ ဒီတခါ အနိုင်ရတာ အရင်လောက် landslide လုံးဝတစ်ပါတီ အစိုးရ ဖွဲ့နိုင်လောက်တဲ့ထိ မများပါဘူး။ နေရာ ၆၀ လောက် လိုနေတယ်။ အဲ့ဒါကြောင့် ညွှန့်ပေါင်းအစိုးရသာ ဖွဲ့ရမှာ ဖြစ်ပါတယ်ဆိုတော့၊ ဒါကိုကြည့်မယ်ဆိုရင် နာရန်ဒရာ မိုဒီ အစိုးရကို လူကြိုက်များနေဆဲ ဖြစ်ပေမယ့်လည်း သုံးသပ်သူတွေက သူ့အပေါ်မှာ မကျေနပ်စရာတွေ၊ လက်မခံနိုင်စရာ အချက်အလက်တွေ တော်တော်များများ ရှိလာတဲ့အတွက်ကြောင့် သူ့ရဲ့အစိုးရရဲ့ popularity နည်းနည်းကျဆင်းလာတယ်လို့ ပြောပါတယ်။ ဒါကို နာရန်ဒရာ မိုဒီက ဘယ်လိုပြန်လည် ကိုင်တွယ်လာလိမ့်မလဲ။ နာရန်ဒရာမိုဒီကတော့ ရွေးကောက်ပွဲ မဲဆွယ်စဥ်ကာလမှာတုန်းကတော့ ဟိန္ဒူအမျိုးသားရေးဝါဒကို သိပ်ပြီးတော့ ဦးစားပေးပြီးတော့ ပြောတယ်။ အခုရွေးကောက်ပွဲတကြိမ်မှာ ရွေးကောက်ပွဲမစခင်မှာလဲ သူဝန်ကြီးချုပ် လုပ်ခဲ့တဲ့ ပြည်နယ်မှာတုန်းက မူဆလင်တွေ ဗလီ လုပ်ထားတဲ့ သက်တမ်းနှစ်ပေါင်း ၅၀၀ လောက်ရှိတဲ့ အဲ့ဒီဒေသကိုသွားပြီးတော့ ဗလီကို ဖျက်ပြီးတော့ ဟိန္ဒူတွေရဲ့ အယူအဆအရ အဲ့ဒီဗလီဟာ မူလအားဖြင့် ရာမဘုရားရဲ့ ဖွားမြင်ရာဒေသ ဖြစ်တယ်။ အယုဒ္ဓယမှာ အဲ့ဒါကို ပြန်ပြီးတော့ လုပ်ခဲ့တာတွေ ရှိတယ်ဆိုတော့၊ အခုရွေးကောက်ပွဲအတွက် မဲဆွယ်မှုစတဲ့အခါမှာ ပထမဆုံး အဲ့ဒီကိုသွားပြီးတော့ သူက စခဲ့တာ။ Unofficial တရားမဝင် သွားပြီးတော့ စခဲ့တယ်။ ဒီအယူအဆကတော့ ရွေးကောက်ပွဲနိုင်ဖို့အတွက် ဟိန္ဒူအမျိုးသားရေးဝါဒကို သူက အသုံးချခဲ့တယ်။

သို့သော်လဲ ဒီရွေးကောက်ပွဲပြီးတဲ့အခါ သူပြောတဲ့ထဲမှာတော့ အဲ့ဒီစကားက နည်းနည်းတော့ မှိန်သွားတယ်။ တိုင်းပြည်ဖွံ့ဖြိုးအောင်အတွက် ငါတို့ ဦးစားပေးပြီး လုပ်မယ်။ တညီတညွတ်ထဲ Unity ဦးစားပေးလုပ်မှ အားလုံးစည်းလုံးညီညွတ်ဖို့ကို ပြောထားတာ တွေ့ရပါတယ်။ သူကိုယ်တိုင်ကလည်း ရိပ်မိဟန်ရှိတယ် တူပါတယ်။ သူကတော့ လောလောဆယ်တော့ အနိုင်ရထားတယ်။ သို့သော်လဲ အရင် တကြိမ်၊ နှစ်ကြိမ်လောက်တော့ အများစုနိုင်တယ်လို့တော့ မပြောနိုင်တော့ပါဘူး။

မေး ။ ။ အိန္ဒိယမှာ လူဦးရေအားဖြင့်ဆိုရင်လည်း သန်း ၁၀၀၀ လောက် ရှိပါတယ်။ မတူကွဲပြားတာကလည်း ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာလို အချင်းချင်း ပဋိပက္ခကြတော့ အများကြီးမရှိပါဘူး။ အဲဒါ ဘာကြောင့်ပါလဲ။

ဖြေ ။ ။ လူဦးရေ သိပ်များပါတယ်။ အိန္ဒိယလူဦး‌ရေဟာ 1.5 Billion နီးပါး ဖြစ်တော့မယ်။ တရုတ်ကိုတောင် ကျော်တက်သွားတော့မယ်ဆိုပြီး ခန့်မှန်းနေကြပါတယ်။ အဲ့ဒီလူဦးရေများတဲ့ထဲမှာလည်း Ethnicity လူမျိုးစုအားဖြင့် ကြည့်မယ်ဆို ၂၀၀၀ ကျော်တောင် ရှိတယ်လို့ ပြောပါတယ်။ အဲ့ဒီအပြင် Tribes မျိုးနွယ်စုတွေကလည်း သူတို့ Constitution အရ ၆၀၀ ကျော်လောက် သတ်မှတ်ထားတာ ဖြစ်တယ်။ မတူကွဲပြားမှုက သိပ်များပြားပါတယ်။ အဲဒီမတူကွဲပြားမှုတွေ အားလုံးပါဝင်တဲ့ သူတို့ရဲ့ အမျိူးသားရေး ဝါဒက Inclusive Nationalism အကုန်လုံးပါဝင်တဲ့ အမျိုးသားရေးဝါဒ ဆိုတဲ့ ပုံစံမျိုးလုပ်ထားပြီးတော့ ငါတို့သာလျှင် ဘယ်လိုဖြစ်မယ်၊ ဘယ်သူကို နှိမ်မယ်ဆိုတဲ့ အခြေခံအားဖြင့် အဲဒီမူနဲ့ လုပ်လာတာ မဟုတ်ပါဘူး။ အစက သူတို့အမျိုးသားရေးဝါဒဟာ နောက်ပြီးတော့ ဟိန္ဒူတွေများပေမယ့်လည်း သူတို့ရဲ့ ဒီမိုကရေစီက Secular Democracy လို့ သုံးပါတယ်။ ဥပမာ ဘယ်ဘာသာဟာ ဘယ်လို ဖြစ်စေရမယ်ဆိုပြီးတော့ သူတို့က အဓိကမထားဘဲနဲ့ အရပ်ဘက် ဒီမိုကရေစီပေါ့လေ။ လုံးဝ Secular ဖြစ်တဲ့ ဘာသာရေးကင်းရှင်းတဲ့ ပုံစံမျိုးနဲ့ သူတို့ နေကြတယ်။ ဆိုတော့ ပဋိပက္ခကတော့ နည်းနည်းပါးပါး ရှိပါတယ်။ မရှိတာ မဟုတ်ပါဘူး။ ဟိန္ဒူနဲ့ မူဆလင်ဆိုရင် အကြာကြီး ဖြစ်ခဲ့ဖူးတယ်။ လွတ်လပ်ရေးရကတည်းက အဲဒီလိုဖြစ်ပြီးတော့ ပါကစ္စတန်နိုင်ငံ ခွဲထွက်သွားတယ်။ ၆၅ မှာ ပါကစ္စတန် အိန္ဒိယစစ်ပွဲ ဖြစ်တော့ အိန္ဒိယစစ်တပ်ထဲမှာရှိတဲ့ မူဆလင်တွေက ပါကစ္စတန်ဘက်က ဘက်ပြောင်းပြီးတော့ တိုက်ခိုက်ခဲ့တာ ရှိခဲ့တဲ့အတွက်ကြောင့် အဲဒီလိုဟာတွေ ပြဿနာ ဖြစ်ခဲ့တာတွေ ရှိပါတယ်။

ဒါပေမဲ့ အဓိကအားဖြင့်က သူတို့ဆီမှာ ဘာလုပ်လဲဆိုတော့ အခုနကပြောခဲ့တဲ့ Secular ဒီမိုကရေစီရယ်၊ CSO လိုခေါ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းတယ်။ အတိုက်အခံတွေလည်း လွတ်လွတ်လပ်လပ်‌ ပြောနိုင်တယ်။ အဲဒါတွေက သူတို့ကို ကျားခံပေးထားတယ်လို့ ပြောပါတယ်။ Freedom of Press ကိုလည်းပဲ မိုဒီက ထိန်းချုပ်တယ် ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံနဲ့ တချို့နိုင်ငံတွေထက်စာရင် အများကြီး လွတ်လပ်ခွင့် ရှိပါတယ်။ တော်တော်များများ ဝေဖန်ထောက်ပြခွင့် ရှိပါတယ်။ ပဋိပက္ခတွေ ပြင်းပြင်းထန်ထန် ဖြစ်မလာတာဟာ ဒီမိုကရေစီစနစ်ရယ် သူတို့ရဲ့ ဘာသာရေး လွှမ်းမိုးမှုကို ဘေးဖယ်ထားနိုင်တာရယ် အဓိကအားဖြင်က CSO တွေနဲ့ အတိုက်အခံတွေကြောင့် ဖြစ်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ နောက်တခုက အိန္ဒိယရော မြန်မာရော ဗြိတိသျှလက်အောက်က လွတ်မြောက်လာခဲ့တာခြင်း တူပါတယ်။ အိန္ဒိယကအခု ထိပ်တန်း ဒီမိုကရေစီ နိုင်ငံတခု ဖြစ်နေပြီးတော့ မြန်မာက ဘာကြောင့် ဒီလိုမဖြစ်ရသေးတာပါလဲ။ ဘာများကွာနေလို့ပါလဲ။

ဖြေ ။ ။ သိပ်ယှဥ်လို့ကောင်းပါတယ်။ နှိုင်းယှဥ်ဖို့ ကောင်းပါတယ်။ များသောအားဖြင့် လူတွေက အခုအခါမှာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့သာ ဒါပေမဲ့ အိန္ဒိယနဲ့ ပိုယှဥ်ဖို့ကောင်းတယ်။ ဘာလို့ဆို မြန်မာနိုင်ငံက အိန္ဒိယထဲက အတူတူ နိုင်ငံရေးနိုးကြားမှု စလာခဲ့တယ်။ အိန္ဒိယက နိုးကြားမှု့ကို လိုက်ပြီးတော့ မြန်မာက လုပ်လာခဲ့တယ်။ ဆို‌တော့ စတုန်းကတော့ တနိုင်ငံလုံးရဲ့ အမျိုးသားရေးဝါဒဟာ နယ်ချဲ့စနစ်ကိုဆန့်ကျင်တယ်။ အင်္ဂလိပ်ကို လက်မခံချင်ဘူး။ ကျွန်စနစ်ကို ဆန့်ကျင်တယ်ဆိုပြီး အိန္ဒိယ စပြီးတော့ နိုးကြားတယ်ပေါ့လေ။ National Congress Party က။ အဲ့နောက်ပိုင်းမှာ မြန်မာကလည်း အဲ့ဒီလို လိုက်လုပ်လာတယ်။ လုပ်တဲ့အခါမှာတော့ inclusive nationalism ပဲ အကုန်လုံးပါဝင်အောင်လုပ်တယ်။ မြန်မာနိုင်ငံမှာလည်းပဲ ပထမဦးဆုံး ကြွေးကြော်သံက တို့ဗမာအစည်းအရုံးက ထွက်လာတယ်။ သခင်မျိုးဟေ့ ဒို့ဗမာဆိုတဲ့ ကြွေးကြော်သံ ဖြစ်ပါတယ်။ အိန္ဒိယမှာ မဟတ္တမဂန္ဒီ လုပ်ခဲ့တဲ့ အဲ့ဒီ့ ဝါဒကို အတိအကျ သူတို့က အကောင်အထည်ဖော်လာတယ်။ မြန်မာနိုင်ငံရဲ့ သခင်မျိုးဟေ့ ဒို့ဗမာဆိုတာလည်း အစတုန်းကတော့ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုပြီးတော့ လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို တူတူဖြစ်လာတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ လွတ်လပ်ရေး ရပြီးတော့ တရားမျှတခွင့်၊ တန်းတူအခွင့်အရေး ရတဲ့သဘောမျိူး သိပ်မတွေ့ရတော့ တိုင်းရင်းသားတချို့က မကျေမနပ် ဖြစ်တယ်။ အဲ့ဒီကတည်းကစပြီးတော့ ဆူပူမှုတွေ ဖြစ်လာတယ်။ စစ်တပ် တက်လာတော့ အဲဒါကို ပိုထိန်းချုပ်လိုက်တော့ အမျိုးသားရေး စိတ်ဓာတ်ဟာ တနေရာထဲမှာ စုစည်းပြီးတော့ လူမျိုးတမျိုးတည်းကို ကိုယ်စားပြုတယ်ဆိုတဲ့ သဘောမျိုး ဖြစ်သွားတယ်ဆို‌တော့ တိုင်းရင်းသားတွေလည်း ပိုပြီးမကျေမနပ် ဖြစ်လာတယ်။ အဲဒါကြောင့် လမ်းကွဲပြီးတော့ ထွက်သွားကြတာမျိုး ဖြစ်ပါတယ်။ စစ်တပ်အဆက်ဆက်မှာလည်း အဲ့ဒီ ဒီမိုကရေစီဆိုတာလည်း မရှိတော့ဘူး။ တိုင်းရင်းသား အခွင့်အရေးဆိုတာလည်း ပါးစပ်ကသာ ပြောတယ် တခါမှလည်း လက်တွေ့ဖြစ်မလာတာကြောင့် ဗမာတွေလည်း ပိုပြီးတော့ ဖြစ်လာသလို တိုင်းရင်းသားတွေလည်း သူတို့ရဲ့ အမျိုးသား၊ လူမျိူးရေး စိတ်ဓာတ်တွေ ပိုပြီးတော့ ပြင်းထန်းလာတယ်။ နွေဦးတော်လှန်ရေး နောက်ပိုင်းမှာ‌တော့ တိုင်းရင်းသားတွေလည်း ကျယ်ပြန့်တဲ့သဘော ပြောလာလို့ NUG ဘက်ကလည်း အကုန်လုံးကို ကိုယ်စားပြုတဲ့ သဘောပြောလာပေတယ်။ ဒါပေမဲ့ လက်တွေ့မှာ ဘယ်လောက် ညီညွှတ်နိုင်ကြမလဲဆိုတာ သိပ်အရေးကြီးပါတယ်။ အိန္ဒိယနဲ့ သိပ်ကွာတာကတော့ အိန္ဒိယမှာတော့ အဲဒီလို မဖြစ်ပါဘူး။

မေး ။ ။ BJP ပါတီက အခုတခါနဲ့ဆို သုံးကြိမ်ဆက် ရတာပါ။ ဝန်ကြီးချုပ် မိုဒီ ကလည်း သူ့ရဲ့ရာထူးသက်တမ်း တတိယမြောက်ကို ဒါကို တာဝန်ထမ်းဆောင်သွားမှာပါ။ ဒီတော့ အိန္ဒိယမှာ ဒီမိုကရေစီက ဆက်ပြီးတော့ တည်မြဲနေမလား။

ဖြေ ။ ။ တည်မြဲမှာပါ။ ဒါပေမဲ့ ဒီမိုကရေစီဟာ အမြဲတမ်း အတက်ကြီးပဲ သွားနေတာ မဟုတ်ဘူး။ အတက်အကျ Wax and Wane အတက်ရှိတယ်၊ အကျရှိတယ်။ အိန္ဒိယတင် မဟုတ်ပါဘူး။ ကမ္ဘာမှာလည်း အဲဒီလိုပဲ ဖြစ်နေပါတယ်။ အမေရိကမှာတောင် အဲဒီလိုပါပဲ။ တချို့ ပြောကြတယ် - ဘယ်သူ့လက်ထက်မှာတော့ ဒီမိုကရေစီက အားနည်းသွားတယ်။ ထိုနည်းတူစွာပဲ ဥရောပမှာ ဒီနေ့ တနင်္လာနေ့မှာပဲ သတင်းနားထောင်လိုက်တော့ ဥရောပသမဂ္ဂပါလီမန်မှာ ရွေးကောက်ပွဲတွေလုပ်တော့ အဲဒီမှာလည်း အမျိုးသားရေးကို အားပေးတဲ့၊ အမျိုးသားရေး အားသန်တဲ့ Right Wing လက်ယျာပါတီတွေ ပိုပြီးတော့ အင်အားကောင်းတာကို တွေ့ရတယ်ဆိုတော့ ဒီမိုကရေစီ ဆုတ်ယုတ်လာတဲ့သဘော၊ အဲဒီအစဉ် အဲဒီသဘော ဖြစ်လာတာ နှစ်ပေါင်း ၂၀ လောက် ဖြစ်ခဲ့ပြီဆိုတယ်လို့ သုံးသပ်ကြပါတယ်။ ဒီမိုကရေစီ နည်းနည်းကျကျလာတယ်။ ဒါပေမဲ့ လုံးဝပျက်ဆီးသွားမှာတော့ မဟုတ်ပါဘူး။ ပြန်တက်လာတာ ရှိမယ်။ အကျ ရှိမယ်ဆိုတော့ အဲဒီလိုပဲ အတက်အကျနဲ့ သွားနေတာပါပဲ။ ဆိုတော့ အခု အိန္ဒိယနိုင်ငံမှာလည်း ဒီမိုကရေစီက ဆက်လက်ပြီးတော့ ရှင်သန်နေမှာပါ။ စောစောကပြောခဲ့သလို ဒီမိုကရေစီ အခြေခံအဆောက်အအုံတွေ ရှိတယ်။ ဒီမိုကရေစီကို ထောက်ပံ့ပေးမယ့် အင်စတီကျူးရှင်းတွေ အပြည့်အဝ ရှိတယ်။ စစ်တပ်အင်အား မပြီးထွားအောင်လည်း သူတို့ဆီမှာ လုပ်ထားတယ်။ ဟိုအရင်တုန်းက မူဆလင်တွေနဲ့ စစ်တပ်ထဲမှာ ပဋိပက္ခ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အခုအခါမှာတော့ အဲဒီလို ဖြစ်နိုင်စရာ အကြောင်းမရှိတော့ပါဘူး။ စစ်တပ်ထဲမှာတော့ မူဆလင်တွေ စစ်မှုထမ်းတာ နည်းတယ်။ သို့ပေမဲ့ သူတို့ကလည်း ဘာမှ ဒီကိစ္စကို ပြဿနာ လုပ်ကြတာ မတွေ့ရပါဘူး။

နောက် အိန္ဒိယနိုင်ငံမှာ စစ်တပ်ရဲ့ အကြီးအကဲက သုံးနှစ်တစ်ခါ လဲတယ်။ သမ္မတရဲ့ လက်အောက်မှာပဲ ရှိတယ်။ သမ္မတကသာ အဓိက အဆုံးအဖြတ်ပေးရတဲ့လူ ဖြစ်တယ်။ စစ်ကြေညာတာ၊ စစ်ရပ်ဆဲတာ၊ သဘောတူစာချုပ် ချုပ်ဆိုတာ အကုန်လုံး သမ္မတလက်ထဲမှာ ရှိတယ်။ အသက် ၆၂ ဆိုရင် ဘယ်သူဖြစ်ဖြစ် အစားထိုးပြီးခန့်တယ်။ နောက်ပြီးတော့ လူမျိုးစုအလိုက် တပ်ဖွဲ့တွေ ရှိတယ်။ များသောအားဖြင့်။ ဘယ်တပ်ရင်း ဘာညာဆိုပြီး ရှိတယ်။ အဲဒီတော့ သူတို့ဆီမှာ စစ်တပ်အုပ်ချုပ်တဲ့ အာဏာရှင်စနစ် ဖြစ်လာစရာအကြောင်း မရှိဘူး။ တကယ်တမ်း ဒီမိုကရေစီကို စိန်ခေါ်ဖျက်ဆီးတာ စစ်အာဏာရှင်စနစ်ပဲ ဖြစ်တယ်။ ဒီမိုကရေစီမှာ လူထုအကြိုက် နည်းတာများတာဟာ အတက်အကျ ဖြစ်မယ်။ လုံးဝဖျက်ဆီးတာကတော့ အာဏာရှင်စနစ်ကသာ ဖျက်ဆီးမှာပါဆိုတော့ အိန္ဒိယနိုင်ငံမှာ အာဏာရှင်စနစ် ပေါ်ပေါက်လာစရာ မရှိဘူးလို့ ပြောကြပါတယ်။

မေး ။ ။ အခု အိန္ဒိယနိုင်ငံရဲ့ ရွေးကောက်ပွဲရလဒ်တွေ၊ နောက် နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲတွေက အိမ်နီးချင်းတွေနဲ့ မြန်မာအပေါ်မှာ ဘယ်လိုများ ရိုက်ခတ်လာနိုင်ပါသလဲ။

ဖြေ ။ ။ အစိုးရအနေနဲ့တော့ မပြောင်းဘူးဆိုတော့ မိုဒီရဲ့ နိုင်ငံခြားရေးမူဝါဒက ဒီအတိုင်းပဲ ရှိနေမှာပဲ။ သူ့ရဲ့အဓိက ကာကွယ်ပြောဆိုမှုကတော့ တရုတ်ကို ယဉ်ပြိုင်ဘက်လို သဘောထားမယ်။ တရုတ်ကို ဆန့်ကျင်တဲ့ အနောက်နိုင်ငံတွေနဲ့ ပိုပြီးတော့ နီးနီးကပ်ကပ် ဆက်ဆံမယ်။ နောက် ရုရှားနဲ့လည်း သူက နီးနီးကပ်ကပ် ဆက်ဆံတယ်။ ဒါပေမဲ့လဲ အခုအခါမှာတော့ မိုဒီရဲ့ပါတီဟာ စောစောကပြောခဲ့သလို ညွှန့်ပေါင်းအစိုးရ ဖြစ်လာမယ်။ တစ်ပါတီထဲ မဟုတ်တော့ဘူး။ သူဖွဲ့ရတဲ့ ညွှန့်ပေါင်းမဟာမိတ်ပါတီတွေက ဒေသခံပါတီတွေ အများကြီးပါတယ်။ အဲဒီပါတီတချို့နဲ့ သူနဲ့ကတော့ သဘောထားချင်း အပြည့်အဝ မတိုက်ဆိုင်ဘူး။ အထူးသဖြင့် နိုင်ငံခြားရေးဝါဒမှာ သဘောထားကွဲတဲ့ပါတီတွေလည်း အများကြီး ရှိလာတယ်။ ကွန်မြူနစ် လိုလားတဲ့ပါတီတွေလည်း ဖြစ်ကောင်းဖြစ်မယ်။ တချို့ပြည်နယ်တွေမှာ လက်ဝဲယိမ်းတဲ့ ပါတီအုပ်စုတွေ ရှိတယ်။ အဲဒီလိုပါတီတွေ ပါဝင်နေတော့ နိုင်ငံခြားရေးဝါဒနဲ့ ပတ်သက်ပြီးတော့ အဲဒီပါတီလေးတွေရဲ့ မကျေနပ်မှု၊ ကန့်ကွက်မှုတွေကိုတော့ တွေ့ကောင်းတွေ့နိုင်ရမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဒါက သူတို့အစိုးရတွင်း ပြဿနာသာ ဖြစ်ပါလိမ့်မယ်။ ဒီလိုကန့်ကွက်မှုသည် ပြည်ပနိုင်ငံခြားရေးမူဝါဒကို ပြောင်းလဲလာနိုင်တဲ့အထိတော့ ရိုက်ခတ်လိမ့်မယ် မထင်ပါဘူး။ ဒီအတိုင်းပဲ ဆက်သွားနေမယ်လို့ ထင်ပါတယ်။

မေး ။ ။ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ဆက်ပြောမယ်ဆိုရင်လည်း BJP ပါတီက သူ အာဏာရခဲ့တဲ့ အာဏာရနေတဲ့ အစဉ်အဆက်မှာ မြန်မာစစ်အစိုးရအဆက်ဆက်နဲ့ နောက် မြန်မာစစ်ကောင်စီတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ဒါပေမဲ့ အခုကြတော့ နယ်စပ်ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက နယ်မြေစိုးမိုးမှုတွေ ရှိလာတာကို တွေ့ရပါတယ်။ အထူးသဖြင့် ကုလားတန်စီမံကိန်း ရှိတဲ့ ရခိုင်ဘက်မှာဆိုရင် AA က နယ်မြေအသာစီးရနေတာတွေ ရှိပါတယ်။ ဒီတော့ အိန္ဒိယအနေနဲ့ မြန်မာအပေါ်မှာ ဆက်ဆံရေးအနေအထား ပြောင်းလဲလာနိုင်သလား။ ဘယ်လို ရှိလာနိုင်ပါမလဲ။

ဖြေ ။ ။ အိန္ဒိယအစိုးရတွေဟာ ရာဂျစ်ဂန္ဒီ အစိုးရ ခဏတက်လာတဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ မြန်မာ့ဒီမိုကရေစီကို အားတက်သရော လက်သီးလက်မောင်းတန်းပြီး ထောက်ခံခဲ့တာ မရှိပါဘူး။ ရာဂျစ်ဂန္ဒီအစိုးရပဲ ပြတ်ပြတ်သားသား ထောက်ခံခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ အစဉ်အလာ ထားရှိတဲ့ မြန်မာ-အိန္ဒိယ မူဝါဒက အိမ်နီးချင်းနိုင်ငံ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ဘယ်အစိုးရတက်တက် သူတို့နဲ့ ဆက်ဆံနေဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ အကြောင်းပြတာက ဟိုတုန်းက အကြောင်းပြတာက အိန္ဒိယရဲ့ အရှေ့မြောက်သူပုန်တွေက မြန်မာနိုင်ငံနယ်စပ်မှာ ခိုလှုံပြီးနေကြတယ်။ သူတို့ကို ချေမှုန်းဖို့အတွက် မြန်မာစစ်တပ်နဲ့ အသင့်အတင့် ဆက်ဆံဖို့လိုတယ်ဆိုပြီးတော့ ပြောတယ်။ အဲဒါကို သူတို့က Pragmatic Foreign Policy လက်တွေ့အသုံးဖြစ်တဲ့ နိုင်ငံခြားရေးမူဝါဒကို မြန်မာနဲ့ ပတ်သက်ပြီး ကျင့်သုံးရမယ်လို့ မူထားရှိပါတယ်။ ဆိုတော့ အခုတော့ ဒီဟာထက်ပိုပြီးတော့ ပိုအရေးကြီးလာတဲ့ဟာက ကုလားတန်ဘက်စုံစီမံကိန်း လုပ်လာတယ်။ ကုလားတန်ဘက်စုံစီမံကိန်းကြတော့ စစ်ကောင်စီကို တော်လှန်နေတဲ့ AA အာရက္ခတပ်တော်ရဲ့ အကူအညီလိုတယ်။ သူတို့က အတိအလင်း ပြောထားတယ်။ ကုလားတန်စီမံကိန်းကို ကျုပ်တို့က ပေးထားတာ။ တချိန်တည်းမှာ အာရက္ခတပ်တော်က အိန္ဒိယပြိုင်ဘက်ဖြစ်တဲ့ တရုတ်ရဲ့ ကျောက်ဖြူစီမံကိန်းကို ဒီအတိုင်းပြောတယ်ဆိုတော့ အာရက္ခတပ်တော်က နှစ်ဘက်ကိုထိန်းပြီးတော့ ကစားနေတယ်။ တရုတ်နဲ့ အိန္ဒိယ နှစ်ဘက်လုံးကို ထိန်းထားတယ်။ အိန္ဒိယကလည်း ဒီဟာကို လိုက်ပြီးတော့ ကြည့်နေတာပဲ။ သူကလည်း အာရက္ခတပ်တော်နဲ့ ဆက်ဆံရေးကို ထိန်းထားသလို၊ စစ်ကောင်စီနဲ့ ဆက်ဆံရေးကိုလည်း ဆက်လက်ထိန်းထားမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ တဘက်ဘက်က လုံးဝတဘက်စောင်းနင်း ဖြစ်သွားတဲ့အခါမှာတော့ မူတမျိုး ပြောင်းကောင်းပြောင်းလာပါလိမ့်မယ်။ အခုလောလောဆယ်မှာတော့ ဒီအတိုင်းပဲ ဆက်ထိန်းထားမယ်လို့ ယူဆရပါတယ်။

မေး ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Forum

XS
SM
MD
LG