သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ အပူလှိုင်း လူ ၁၈၀၀ကျော် သေဆုံး


အိန္ဒိယ အပူလှိုင်း ကျရောက်။ (မေ ၂၅၊ ၂၀၁၅)
အိန္ဒိယ အပူလှိုင်း ကျရောက်။ (မေ ၂၅၊ ၂၀၁၅)

အိန္ဒိယနိုင်ငံမှာ အပူဒဏ်ကြောင့် သေဆုံးသူပေါင်းဟာ လူပေါင်း ၁၈၀၀ ကျော် သွားပြီ ဖြစ်တဲ့အကြောင်း အစိုးရတာဝန်ရှိသူတွေ ဒီကနေ့ပဲ ပြောဆို လိုက်ပါတယ်။ ပြင်းထန်လှတဲ့ အပူဒဏ်ကြောင့် သေဆုံးကြရသူ အများစုကတော့ နိုင်ငံတောင်ပိုင်းက Andhra Pradesh နဲ့ Telangana ပြည်နယ်တွေမှာ ဖြစ်ကြပါတယ်။

အပူလျှပ်တဲ့ဒဏ်ကို ဆင်းရဲသားတွေနဲ့ အိုးမဲ့အိမ်မဲ့တွေ ပိုခံကြရပြီး ဒီလူတွေ ဟာ ဆေးရုံတွေ မှာ သေကြတာမျိုး မဟုတ်တဲ့အတွက်၊ လက်တွေ့မှာ သေဆုံးသူ အရေအတွက်ဟာ ဒီထက်တောင် ပိုများနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောဆိုနေကြတာပါ။ အိန္ဒိယ အာဏာပိုင်တွေကတော့ လူတွေ အရိပ်ထဲမှာ နေကြဖို့၊ ခေါင်းမှာ တခုခုဆောင်း ထားကြဖို့နဲ့ ရေများများ သောက်ကြ ဖို့လည်း နှိုးဆော်ထားပါတယ်။

အိန္ဒိယနိုင်ငံမှာ အပူချိန်ဟာ ၄၃ degree Celsius ကျော် တဝိုက်မှာ ရှိနေတာ သီတင်းတပတ်လောက် ရှိနေပါပြီ။ နေရာတော်တော်များများမှာ အပူချိန်ဟာ စံချိန်ချိုးလောက်အောင် မြင့်တက်ခဲ့တယ်လို့လည်း အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ နိုင်ငံအနှံ့ ရေပြတ်လပ်မှုနဲ့ သီးနှံတွေ အပူလောင်တဲ့ဒဏ် ခံနေရတယ်လို့လည်း လူတွေက ပြောနေကြပါတယ်။ နယူးဒေလီမြို့တော်မှာတော့ လေအေးစက်တွေ ဖွင့်ကြတဲ့အတွက် လျှပ်စစ်မီး သုံးစွဲမှုတွေ ပိုများလာရာက၊ မီးပြတ်လပ်မှုတွေနဲ့ ကြုံနေရပြီး လူပေါင်းထောင်နဲ့ချီ လျှပ်စစ်မီးမရပဲ ဖြစ်နေရပါတယ်။

မကြာခင် ရက်တွေအတွင်းမှာတော့ အပူဒဏ် အပြင်းထန်ဆုံး ခံနေရတဲ့ နိုင်ငံတောင်ပိုင်းမှာ မုတ်သုံရာသီမိုး ဝင်ရောက်လာမယ်လို့ ခန့်မှန်းထားပြီး၊ နောက်ပိုင်း တနိုင်ငံလုံးမှာ ဆက်လက်မိုးရွာသွန်းမယ်လို့လည်း မျှော်လင့်ထားကြပါတယ်။

XS
SM
MD
LG