သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-ပါကစ္စတန် နယ်စပ်တိုက်ပွဲ ပြင်းထန်


 ပါကစ္စတန်ဘက်က တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့အိမ်ကို ပြန်လည်ရှင်းလင်းနေတဲ့ ဒေသခံရွာသားတစ်ဦး။
ပါကစ္စတန်ဘက်က တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့အိမ်ကို ပြန်လည်ရှင်းလင်းနေတဲ့ ဒေသခံရွာသားတစ်ဦး။

ပဋိပက္ခတွေဖြစ်နေတဲ့ ကက်ရှ်မီးယားဒေသမှာ အိန္ဒိယနဲ့ ပါကစ္စတန်ကြား နယ်စပ်တိုက်ပွဲတွေ ပြင်းထန်လာနေတာမှာ အရပ်သားသေဆုံးမှုတွေလည်း တိုးလာနေပါတယ်။

အင်္ဂါနေ့ညက သေနတ်တွေ မော်တာကျည်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တာမှာ လူ သုံးယောက်ထက်မနည်း သေဆုံးပြီး လူ ၁၈ ယောက် ဒဏ်ရာရခဲ့တဲ့ အကြောင်း အိန္ဒိယအစိုးရအရာရှိတွေက ပြောပါတယ်။ ပါကစ္စတန် သတင်းမီဒီယာတွေမှာတော့ အိန္ဒိယဘက်က တိုက်ခိုက်မှုကြောင့် လူ ၃ ယောက် သေဆုံးတဲ့အကြောင်း ရေးပါတယ်။

တနင်္လာနေ့တုန်းကတော့ အရပ်သား ၉ ယောက် သေဆုံးခဲ့ပြီး ဒါဟာ ဆယ်စုနှစ်တခုကျော်ကာလတွင်း ကက်ရှ်မီးယားဒေသ ပဋိပက္ခမှာ အရပ်သား သေဆုံးမှုဦးရေ အများဆုံးပဲ ဖြစ်ပါတယ်။

နှစ်ဘက်စလုံးက အရပ်သားထောင်နဲ့ချီဟာ တိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်း နေထိုင်နေကြရပါတယ်။ အိန္ဒိယလေတပ်အကြီးအကဲ Marshal Arup Raha ကတော့ နယ်စပ် ပဋိပက္ခ အဆုံးသတ်နိုင်မယ့် အဖြေတခု အမြန်ဆုံးရအောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လတုန်းက အိန္ဒိယနိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးက ကက်ရှ်မီးယား ခွဲထွက်ရေးသမားတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် အိန္ဒိယက ပါကစ္စတန်နဲ့ ဆွေးနွေးမှုတွေ ရပ်ဆိုင်းလိုက်ချိန်ကစပြီး နှစ်ဘက် တင်းမာမှုတွေ အရှိန်မြင့်လာခဲ့တာ ဖြစ်ပါတယ်။ ပါကစ္စတန်အနေနဲ့ အိန္ဒိယ အစိုးရနဲ့ ဆွေးနွေးမလား၊ ဒါမှမဟုတ် ခွဲထွက်ရေးသမားတွေနဲ့ ဆွေးနွေးမလားဆိုတာကို ရွေးချယ် ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ အိန္ဒိယက ပြောထားပါတယ်။

XS
SM
MD
LG