အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ ကြာသပတေးနေ့က တိုက်ခိုက်မှုနဲ့ဆက်စပ်ပြီး သံသယရှိသူ ၁၂ ဦးကိုဖမ်းဆီးထားတယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။ သံသယရှိခံထားရသူတွေကို နိုင်ငံတဝှမ်းက ဝင်ရောက် စီးနင်းမှုတွေ အတွင်းဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အမျိုးသားရဲအရာရှိချုပ် Badrodin Haiti က စနေနေ့က ပြောပါတယ်။ဒီအကြမ်းဖက်တိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ပြောဆိုထားတဲ့ IS အဖွဲ့က ဒီအုပ်စု ကို ငွေကြေးအထောက်ပံ့ပေးနခဲ့တာဖြစ်တယ်လို့ ရဲအရာရှိချုပ်ကဆိုပါတယ်။
ဂျကာတာမြို့တော်မှာ ကြာသပတေးနေ့က ရဲနဲ့ အခြားနေရာတွေကို ဗုံးခွဲပြီး သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်းပါဝင်ခဲ့သူ အကြမ်းဖက်သမား ငါးယောက်လုံးသေဆုံးသွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်းအရပ်သား ၂ ယောက် လည်း သေဆုံးသွားပါတယ်။
သေဆုံးသွားတဲ့ အကြမ်းဖက်သမားငါးယောက်ထဲက တယောက်ဟာလည်း အင်ဒိုနီးရှားနိုင်ငံကို သမ္မတ ဘရက်ခ် အိုဘားမား အလည်အပတ် လာရောက်ခဲ့စဉ် တုန်းက လက်နက်ခဲယမ်းပိုင်ဆိုင်မှုနဲ့ အဖမ်းခံခဲ့ဖူးသူဖြစ်တယ်လို့ ရဲ အရာရှိချုပ် Haiti က သောကြာနေ့ကပြောပါတယ်။
၂၀၀၉ ခုနှစ်တုန်းက ဟော်တယ်နှစ်လုံးကို တပြိုင်နက်ထဲ ဗုံးခွဲတိုက်ခိုက်လို့ လူ ၇ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နောက်ပိုင်း ဒီအကြမ်းဖက် တိုက်ခိုက်မှုဟာ အင်ဒိုနီးရှားနိုင်ငံအတွင်း အဆိုးရွားဆုံးအဖြစ်အပျက်လည်းဖြစ်ပါတယ်။ အင်ဒိုနီးရှား နိုင်ငံဟာကမ္ဘာပေါ်မှာ မွတ်ဆလင် လူဦးရေ အများဆုံးနေထိုင်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက်တိုက်ခိုက်မှု ကြောင့် ဒေသတွင်းနိုင်ငံတွေမှာလည်း လုံခြုံရေးကို အထူးတင်းကြပ်ထားကြပါတယ်။ အိမ်နီးချင်း မလေးရှားနိုင်ငံမှာတော့ အသေခံဗုံးခွဲတိုက်ခိုက်ဖို့ကြံစည်ထားတယ်လို့ဝန်ခံသူလည်းဖြစ် IS အဖွဲ့ဝင်အဖြစ်သံသယရှိသူ အသက် ၂၈ နှစ်အရွယ်လူတယောက်ကို စနေနေ့က ဖမ်းဆီးထားတယ်လို့ ရဲဘက်ကဆိုပါတယ်။ သူ့ကို Kuala Lumpur ကရထားဘူတာရုံတခုမှာထိန်းသိမ်းထားပါတယ်။ သူ့ဆီမှာ လက်နက်တွေနဲ့ IS အကြမ်းဖက်သမားတို့ရဲ့အလံအတော်များများကို တပါထဲတွေ့ရတယ်လို့ အာဏာပိုင်တွေကပြောပေမယ့် အဖြစ်အပျက် အသေးစိတ်ကိုတော့ ထုတ်ပြောသွားခြင်းမရှိပါဘူး။