သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရေလုပ်သားများ ကျွန်ပြုခံရမှု အမေရိကန်စိုးရိမ်


အမေရိကန်ပြည်ထောင်စုကိုတင်သွင်းနေတဲ့ ပင်လယ်စာတွေဟာ မြန်မာငါးဖမ်းအလုပ်သမားတွေရဲ့ ကျေးကျွန်လိုစေခိုင်းခံရတဲ့ လုပ်အားကို အသုံးပြုနေတဲ့အတွက် လွန်စွာစိုးရိမ်မကင်းဖြစ်ရတယ်လို့ အမေရိကန်အခြေစိုက် NFI လို့ခေါ်တဲ့ အမျိုးသားငါးဖမ်းလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းကြီးက ဗွီအိုအေကို ပြောပါတယ်။

အလားတူ အမေရိကန်နိုင်ငံခြားရေးဌာနကလည်း အင်ဒိုနီးရှားနိုင်ငံပိုင် ကျွန်းမှာ ကျွန်ပြုစေခိုင်းခံနေရတဲ့ မြန်မာငါးဖမ်း အလုပ်သမားတွေရဲ့အခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်နေကြောင်းနဲ့ အနီးကပ် စောင့်ကြည့်နေကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြထားပါတယ်။

ဗာဂျီးနီးယားပြည်နယ်မှာရှိတဲ့ NFI ခေါ် National Fishery Institute (အမျိုးသားငါးဖမ်းလုပ်ငန်းဆိုင်ရာအဖွဲ့အစည်းကြီး) က အမေရိကန်ကို တင်သွင်းနေတဲ့ ငါးနဲ့ပင်လယ်စာတွေဟာ ကျေးကျွန်လုပ်အားကို အသုံးပြုနေတယ်ဆိုတဲ့ AP သတင်းကြောင့် သူတို့အနေနဲ့ အထိတ်တလန့်ဖြစ်ရပြီး ဒါဟာ လုံးဝသည်းခံနိုင်စရာမရှိဘူးလို့ NFI ပြောခွင့်ရပုဂ္ဂိုလ် Gavin Gibbons က ပြောပါတယ်။

“အဲဒီ အေပီသတင်းနဲ့ပတ်သက်လို့ အရမ်းကို စိတ်အနှောင့်အယှက် ဖြစ်မိပါတယ်။ ဒါမျိုး ကျနော်တို့အဖွဲ့အစည်းအနေနဲ့ လုံး၀ သည်းခံနိုင်စရာ မရှိပါဘူး။ အလုပ်သမားတွေအပေါ် ကျွန်ပြုတဲ့ လူ့အခွင့်အရေး ဖောက်ဖျက်မှုဟာ လုံး၀ လက်ခံနိုင်စရာ မရှိပါဘူး။ ငါး၊ ပုဇွန်၊ ရေလုပ်ငန်းအတွက် ပစ္စည်းတွေ ထုတ်လုပ်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဒါမျိုးဟာ မရှိသင့်ပါဘူး။ ကျနော်တို့ သိပ်ကို စိတ်ထိခိုက်ရပါတယ်။”

အလားတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကျေးကျွန်အဖြစ် စေခိုင်းခံခဲ့ရတဲ့ မြန်မာငါးဖမ်းအလုပ်သမားတွေဟာ လူကုန်ကူးခံရသူတွေဖြစ်ပြီး သူတို့အခြေအနေကို စိုးရိမ်မကင်းဖြစ်နေကြောင်းနဲ့ အနီးကပ် စောင့်ကြည့်နေကြောင်း ဧပြီလ ၃ ရက်နေ့က ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Marie Harf က အခုလို ပြောပါတယ်။

“အမေရိကန်အစိုးရအနေနဲ့လည်း အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေတာပါ။ ငါးဖမ်းအလုပ်သမား ကိစ္စအတွက် ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား အစိုးရတွေနဲ့ ဆက်သွယ်ပြောဆိုခဲ့ပြီး အမေရိကန်အစိုးရအနေနဲ့ စိုးရိမ်မကင်းဖြစ်နေကြောင်းနဲ့ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ဆောင်ရွက်နေမယ် ဆိုတာကိုလည်း မျှော်လင့်မိကြောင်း ပြောသွားတာပါ။”

အမေရိကန်နိုင်ငံခြားရေးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအစီရင်ခံစာ TIP မှာ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေ လူကုန်ကူးခံရတာနဲ့ ပတ်သက်လို့ စောင့်ကြည့်ခံအဆင့် ၃ အနေနဲ့ သုံးနှစ်ဆက်တိုက် ဖော်ပြခဲ့တယ်လို့ Marie Harf က ပြောပါတယ်။ အဲဒီထဲမှာ ငါးဖမ်းလုပ်ငန်းတွေအတွက် လူကုန်ကူးမှုဟာ အထူး စိုးရိမ်မကင်းဖြစ်တဲ့ အခြေအနေ ရောက်နေကြောင်း အခုလို ပြောပါတယ်။

“ငါးဖမ်းလုပ်ငန်း ဒါမှမဟုတ် ပင်လယ်စာလုပ်ငန်းတွေမှာ မတရားစေခိုင်းနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရော နိုင်ငံခြားရေးဌာနတို့က အထူးပဲ စိုးရိမ်မကင်းဖြစ်ရပါတယ်။ ဒါကြောင့်လည်း အမေရိကန် နိုင်ငံခြားရေးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ TIP အစီရင်ခံစာမှာ ဒီလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် အမြတ်ထုတ်တဲ့ အခြေအနေတွေဟာ ပိုပိုပြီး ဆိုးလာနေကြောင်း ဖော်ပြထားတာပါ။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ထိုင်းအစိုးရနဲ့ အမေရိကန်အစိုးရတို့ ဆွေးနွေးပြောဆိုခဲ့ပါတယ်။”

ဒီငါးဖမ်းအလုပ်သမားတွေရဲ့ ကိစ္စနဲ့ပတ်သက်လို့ အင်ဒိုနီးရှားအစိုးရက ချက်ခြင်း အရေးယူဆောင်ရွက်ခဲ့တဲ့အပြင် အင်ဒိုနီးရှား အာဏဝါနဲ့ ငါးလုပ်ငန်းဝန်ကြီး Susi Pudjiastuti ကလည်း အင်ဒိုနီးရှား ငါးဖမ်းသင်္ဘောတွေဟာ သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေနဲ့မညီဘဲ တရားမဝင် လုပ်ကိုင်နေကြတဲ့အတွက် အခြေအနေတွေကို စုံစမ်းစစ်ဆေး၊ ထိန်းချုပ်သွားမယ်လို့ မကြာသေးခင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံသားအများစုပါဝင်တဲ့ ကျွန်ပြုခံရတဲ့ ငါးဖမ်းအလုပ်သမားတွေအတွက် ကယ်ဆယ်ရေးနဲ့ လုံခြုံရေး အရေးကြီးကြောင်းနဲ့ အခုလို အင်ဒိုနီးရှားအစိုးရက အရေးယူကိုင်တွယ်မှုကိုလည်း NFI ပြောခွင့်ရပုဂ္ဂိုလ် Gavin Gibbons က ချီးကျူးပြောဆိုခဲ့ပြီး၊ ကျွန်ပြုစေခိုင်းသူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့လည်း အခုလို တိုက်တွန်း ပြောဆိုသွားပါတယ်။

“ပထမဦးဆုံးကတော့ ဒီရေလုပ်သားတွေရဲ့ လုံခြုံရေးပါပဲ။ သူတို့တွေကို အကာအကွယ်ပေးနိုင်ဖို့၊ ဘေးကင်းတဲ့နေရာမှာ ထားနိုင်ဖို့က အရေးပါတယ်။ ဒါကြောင့် ဒီနေရာမှာ အင်ဒိုနီးရှားအစိုးရက အခုလို တုံ့ပြန် အရေးယူ ဆောင်ရွက်ခဲ့တာကို ချီးကျူးရမှာပါ။ ဒီရေလုပ်သားတွေကို ဌာနေပြန်ပို့နိုင်ရေးကလည်း အရေးပါတယ်။ ဒုတိယတချက်ကတော့ ဒီကိစ္စ စုံစမ်းစစ်ဆေးယုံတင်မက ဥပဒေအရ အရေးယူနိုင်ဖို့ပါပဲ။ ရေလုပ်ငန်းကော်မတီတွေ၊ သင်္ဘောကပ္ပတိန်တွေ၊ ပါဝင်ပတ်သက်နေသူတွေကို စုံစမ်းစစ်ဆေးပြီး ထိထိရောက်ရောက် အရေးမယူရင် ဒီလုပ်ငန်းသံသရာကြီးက ဆက်ပြီးတော့ ရှိနေဦးမှာပဲ ဖြစ်ပါတယ်။”

ကျေးကျွန်ပြုမှုကိုစုံစမ်းနေတဲ့ အေပီသတင်းထောက်တွေက အကောက်ခွန်မှတ်တမ်းတွေကို စစ်ဆေးမှုအရ တချို့ပင်လယ်စာတွေဟာ အမေရိကန်ပြည်ထောင်စုကို တင်ပို့တာတွေ့ရပြီး အဲဒီထဲမှာ ကြောင်စာအမျိုးမျိုးအပြင် Iams၊ Meow Mix၊ Fancy Feast အစရှိတဲ့ ကြောင်စာတွေ အပါအဝင် အမေရိကန်မှာရှိတဲ့ လက်ကားဆိုင်ကြီးတွေကတဆင့် ပင်လယ်စာတွေကို Walmart၊ Safeway အစရှိတဲ့ ဆိုင်ကြီးတွေကို ဖြန့်ချိတဲ့အကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Benjina ကျွန်းမှာ တွေ့ရှိခဲ့တဲ့ မြန်မာငါးဖမ်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံကတဆင့် အတင်းအဓမ္မ ပို့ဆောင်စေခိုင်းခံရသူတွေ ဖြစ်တယ်လို့ မတ်လ ၂၅ ရက်နေ့ကထုတ် AP သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီငါးဖမ်းအလုပ်သမားတွေရဲ့ အခြေအနေကို တနှစ်လောက် အချိန်ယူ စုံစမ်းမေးမြန်းပြီး ရိုက်ကူးတင်ပြထားတာ ဖြစ်တယ်လို့ AP သတင်းထောက် မာသာမန်နိုဇာက NPR နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားပါတယ်။ မြန်မာငါးဖမ်းအလုပ်သမားတွေဟာ အဆိပ်ရှိတဲ့ လိပ်ကျောက်မြီးနဲ့ အရိုက်ခံရတာ၊ ကန်ကျောက်ခံရတာ၊ လှောင်အိမ်တွေထဲမှာ လှောင်ထားခံရတာ စတဲ့ ညှဉ်းပန်းမှုတွေ ခံနေရကြောင်း အေပီသတင်းထောက်က ပြောပါတယ်။

လက်ရှိမှာတော့ အင်ဒိုနီးရှားအစိုးရနဲ့အတူ မြန်မာအစိုးရဘက်ကလည်း ပူးပေါင်းဆောင်ရွက်နေပြီး၊ မြန်မာငါးဖမ်းအလုပ်သမား စုစုပေါင်း ၅၀၀ နီးပါးလောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့ကို အနီးအနားကျွန်းဖြစ်တဲ့ တုရ်လ်ကျွန်းမှာ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်ရှင်။

XS
SM
MD
LG