အစ္စလာမ်စစ်သွေးကြွ IS အဖွဲ့က အင်ဒိုနီးရှားကနေ ပြည်ပမှာ သွား အလုပ်လုပ်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို သူတို့အဖွဲ့ဝင် တွေအဖြစ် စုဆောင်းဖို့ကြိုးစားတယ်ဆိုတဲ့ ပြောဆိုချက်တွေကို အင်ဒိုနီးရှား အလုပ်သမားဝန်ကြီးက ပယ်ချလိုက်ပါတယ်။ ပြည်ပမှာအလုပ်လုပ်ဖို့သွားတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေဟာ သွားခွင့်ရဖို့အတွက် အထူး လုပ်ငန်းစဉ်တခုကို ဖြတ်သန်းရတယ်လို့ အလုပ်သမားဝန်ကြီး Hanif Dhakiri က ကြာသပတေးနေ့မှာပြောတာပါ။ ဒါကြောင့် IS အဖွဲ့ထဲဝင်ဖို့သွားတဲ့ လူတွေလို ပုဂ္ဂိုလ်ရေး အကြောင်းပြချက်နဲ့ ပြည်ပသွားသူတွေနဲ့ ကွဲပြားစေတယ်လို့ဆိုပါတယ်။
IS အဖွဲ့ရဲ့ အမှတ်သင်္ကေတပါတဲ့ လက်ကမ်းစာစောင်တွေကို အင်ဒိုနီးရှားနိုင်ငံသား အများအပြား အပါအဝင် ရွှေ့ပြောင်း အလုပ်သမားတွေကြားမှာ ဝေထား တာကို ဟောင်ကောင် ရဲတပ်ဖွဲ့က တွေ့ပြီးတဲ့နောက် အခုကိစ္စပေါ်လာတာပါ။ ဆီးရီးယားနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေက အင်ဒိုနီးရှားနိုင်ငံသားတွေ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေ IS အဖွဲ့ထဲ ဝင်သွားကြတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံသား ရာပေါင်းများစွာဟာ ဆီးရီးယားနဲ့ အီရတ်က IS အဖွဲ့ထဲ ဝင်သွားကြတယ်လို့ ယူဆထားကြပါတယ်။ ဒါပေမဲ့ အဲဒီလူအများစုကို အင်ဒိုနီးရှားနိုင်ငံထဲမှာ အရင်ဆုံး စုဆောင်းခဲ့တာလို့ ယုံကြည်ကြပါတယ်။
IS အဖွဲ့ထဲဝင်သွားသူတွေကို နိုင်ငံသားအဖြစ်ကနေပယ်ဖျက်ဖို့ စီစဉ်နေတယ်လို့ အင်ဒိုနီးရှားအစိုးရက ပြောထားပါတယ်။ IS အဖွဲ့ ရဲ့ အစွန်းရောက်ဝါဒဟာ Pancasila လို့ခေါ်တဲ့ အင်ဒိုနီးရှားရဲ့ ဗဟုဝါဒနဲ့ ဆန့်ကျင်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။