သုံးရလွယ်ကူစေသည့် Link များ

သြစတြေးလျနဲ့ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး အင်ဒိုနီးရှားရပ်ဆိုင်း

  • ဗွီအိုအေ (မြန်မာဌာန)

သြစတြေးလျ ၀န်ကြီးချုပ် Tony Abbott နဲ့ အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono.
အင်ဒိုနီးရှားနိုင်ငံက သမိုင်းအစဉ်အလာအရ သူ့ရဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ သြစတြေးလျနိုင်ငံ စစ်ရေးနဲ့ ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။ အင်ဒိုနီးရှားအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ ဖုန်းပြောတာကို သြစတြေးလျက သူလျှိုလုပ် ခိုးနားထောင်ခဲ့တယ်လို့ စွပ်စွဲပြောဆိုချက်တွေ ထွက်လာပြီးတဲ့နောက် အခုလို လုပ်လိုက်တာဖြစ်ပါတယ်။

အင်ဒိုနီးရှားတနိုင်ငံလုံးကို ရုပ်မြင်သံကြားကနေ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း အင်ဒိုနီးရှားသမ္မတ ဆူစီလို ဘန်ဘန် ယူဒိုယူနိုက အခုလို ကြေလိုက်တာဖြစ်ပါတယ်။ သြစတြေးလျက ခိုးပြီးနားထောင်တဲ့အထဲ သမ္မတ ယူဒိုယူနိုရဲ့ ဖုန်းလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတ ယူဒိုယူနိုက သူ့အနေနဲ့ သြစတြေးလျနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဆက်ပြီး ထားရှိချင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီလို သူလျှိုလုပ် ထောက်လှမ်းတဲ့ကိစ္စတွေကို ဖြေရှင်းလို့ မပြီးမချင်း၊ ၂ နိုင်ငံအနေနဲ့ စစ်ဘက်နဲ့ ထောက်လှမ်းရေးဆိုင်ရာ လုပ်ငန်းတွေကို ဆက်ပြီးတော့ လက်တွဲ လုပ်ဆောင်လို့ ရနိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

ဒီလို ၂ နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းလိုက်တဲ့အတွက် လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းတွေ၊ ပူးတွဲ စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေနဲ့ ပင်လယ်ရေကြောင်း ကင်းလှည့်လုပ်ငန်းတွေကို ထိခိုက်သွားဖို့ ရှိပါတယ်။ ဒါပေမဲ့ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းတာကို ဘယ်တော့ စမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။ ဒီလို သူလျှိုလုပ် ထောက်လှမ်းတာနဲ့ ပတ်သက်ပြီးတော့ သြစတြေးလျဝန်ကြီးချုပ် Tony Abbott က တောင်းပန်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
XS
SM
MD
LG