သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားသင်္ဘော အကြမ်းဖက်အုပ်စု ပြန်ပေးဆွဲ


ဖိလစ်ပိုင်ရေပိုင်နက်အတွင်း သင်္ဘောပြန်ပေးဆွဲခံရပြီးနောက် အင်ဒိုနီးရှားနိုင်ငံသား ၁၀ ယောက်ကို တစာခံတွေအဖြစ် ဖမ်းဆီးသွားတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။

ပြန်ပေးဆွဲခံရတဲ့ ကျောက်မီးသွေးသင်္ဘောနဲ့ ဆွဲသင်္ဘောပိုင်ရှင်ကိုတော့ - Abu Sayyaf စစ်သွေးကြွအဖွဲ့ကဆိုပြီး - ၂ ခါ ဖုန်းဆက်ပြီးတော့ ပြန်ပေးငွေတောင်းခဲ့တယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်တစောင်မှာ ပြောဆိုခဲ့တာပါ။

ဘယ်အချိန်မှာ ဖြစ်သွားခဲ့တယ်ဆိုတာကို အတိအကျ မသိရသေးပေမဲ့ - သင်္ဘောပိုင်ရှင်ကတော့ စနေနေ့မှာ ပထမဆုံး အဆက်အသွယ် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာတော့ တစာခံတွေကို ဖမ်းဆီးသွားတဲ့သူတွေကို ပင်လယ်ဓားပြတွေအဖြစ် ရည်ညွှန်းခဲ့ပါတယ်။

အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ရဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေစာရင်းမှာ ပါဝင်တဲ့ Abu Sayyaf အဖွဲ့ဟာဆိုရင် မတည်မငြိမ်ဖြစ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ဗုံးဖောက်ခွဲမှုတွေ၊ ခြိမ်းခြောက်ပြန်ပေးဆွဲမှုတွေကြောင့် နာမည်ဆိုးထွက်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ အမေရိကန်ရဲ့ အားပေးမှုနဲ့ ဖိလစ်ပိုင်စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒီအကြမ်းဖက်အဖွဲ့ အားနည်းသွားတာ နှစ်အတန်ကြာနေပြီ ဖြစ်ပေမဲ့ - လုံခြုံရေးအရ ခြိမ်းခြောက်နေဆဲ ဖြစ်ပါတယ်။

Al-Qaeda အဖွဲ့နဲ့ ဆက်နွယ်မှုရှိတဲ့ Abu Sayyaf စစ်သွေးကြွအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ထဲ Samal ကျွန်းတောင်ပိုင်းက ကမ်းခြေမှာ ကနေဒါနိုင်ငံသား ၂ ဦး၊ နော်ဝေနိုင်ငံသား ၁ ဦးနဲ့ ဖိလစ်ပိုင်အမျိုးသမီး ၁ ဦးတို့ ပြန်ပေးဆွဲခံခဲ့ရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့လည်း - ဖိလစ်ပိုင် လုံခြုံရေး တာဝန်ရှိသူတွေက သံသယရှိကြတာပါ။ ပြန်ပေးဆွဲခံရသူတွေကိုတော့ Sulu ပြည်နယ်တောင်ပိုင်းက တောတွင်းမှာ ဖမ်းဆီးထားတယ်လို့ လည်း ယုံကြည်နေကြပါတယ်။

XS
SM
MD
LG