သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ဘောဟောင်းဖျက်ဖို့အသွား မြန်မာ့ပင်လယ်ပြင်မှာ သောင်တင်ဟု စင်္ကာပူကုမ္ပဏီဆို


မြန်မာ့ရေပိုင်နက်ထဲမှာ သောင်တင်နေတဲ့ SAM RATULANGI PD အမည်ရှိ နိုင်ငံခြား ကုန်တင်သင်္ဘော (ဓာတ်ပုံ-MOI)
မြန်မာ့ရေပိုင်နက်ထဲမှာ သောင်တင်နေတဲ့ SAM RATULANGI PD အမည်ရှိ နိုင်ငံခြား ကုန်တင်သင်္ဘော (ဓာတ်ပုံ-MOI)

မြန်မာ့ရေပိုင်နက်ထဲကို တာဝန်ရှိသူတွေ မသိလိုက်ဘဲရောက်လာတဲ့ နိုင်ငံခြား သင်္ဘောကြီးအကြောင်း နောက်ဆုံးသိရတဲ့ အခြေအနေတချို့ ကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်း သုံးခွမြို့နယ်၊ သမစိတ္တ ကျေးရွာအနီး မုတ္တမပင်လယ်ကွေ့မှာ ပိုင်ရှင်မဲ့ နိုင်ငံခြားကုန်တင် သင်္ဘောကြီးတစင်း သောင်တင်နေတာကို ဩဂုတ် ၂၈ ရက်က ငါးဖမ်းစက်လှေတွေကစတင်တွေ့ရှိခဲ့တာပါ။ ဒီကနေ့ မနက်ပိုင်းမှာတော့ သုံးခွမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေနဲ့အမှတ် (၁) ဗျူဟာ ရေတပ်အရာရှိတွေက အဲဒီ သင်္ဘောကို သွားရောက် စစ်ဆေးခဲ့ကြောင်း၊ အဲဒီသဘောၤကို သွားရောက်ကြည့်ရှုခဲ့သူ တဦးက VOA ကို ပြောပါတယ်။ ဒီသင်္ဘောပေါ်မှာ အန္တရာယ်ရှိတဲ့ ဓါတုပစ္စည်းတွေ ပါလာတဲ့ဆိုတဲ့ သတင်းတွေလည်း လူမှုကွန်ယက်မီဒီယာမှာ ပျံ့နှံ့နေတာပါ။

သုံးခွမြို့နယ်ကနေ ရေမိုင် (၇) မိုင် အကွာမှာရှိတဲ့ အဲဒီသဘောၤရှိရာကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့တဲ့ သုံးခွမြို့နယ် အောင်သာတန်းရပ် အုပ်ချုပ်ရေးမှူး ဦးအောင်ဖြိုးမြင့်က VOA ကို အခုလို ပြောပါတယ်။

“အခု ရေတပ်ကအရာရှိတွေလည်း သင်္ဘောပေါ်မှာ ရှိတယ်လေ။ သင်္ဘောပေါ်မှာ ဘာတခုမှ မရှိဘူး။ ကုန်ပစ္စည်းတွေလည်းမရှိပါဘူး။ သူများတွေပြောသလို ကောလဟာလ - ဟိုဟာတွေ ပါတယ်၊ ဒီဟာတွေ ပါတယ်- ဘာမှမပါဘူး။ သင်္ဘောပေါ်မှာ အန္တရာယ်ရှိနိုင်တဲ့ဟာတွေပါသလိုလို အဲဒီလိုတွေပြောနေတာဟာ ဘာသတင်းမှ မဟုတ်ဘူး၊ အဲဒါ ဘာတခုမှ မဟုတ်ဘူး။ အဲဒါတော့ သေချာတယ်။ သင်္ဘောက - ကျနော်တို့ အတည်မပြုနိုင်သေးတာက သင်္ဘောက ဘယ်လိုပျက်လာတယ်ဆိုတဲ့ ပုံစံမျိုးပဲရှိတယ်။ ဒါပေမယ့် သင်္ဘောပေါ်မှာ ဘာမှမပါဘူး၊ အဲဒါတော့ သေချာတယ်။”

အခုတွေ့ရှိတဲ့ Sam Ratulangi ဆိုတဲ့ သဘောၤဟာ အင်ဒိုနီးရှားနိုင်ငံမှာ နောက်ဆုံး မှတ်ပုံတင်ထား တာကို စစ်ဆေးတွေ့ရပြီး မြန်မာနိုင်ငံကို ဝင်ရောက်ဖို့ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသွားဖို့ ဆွဲသင်္ဘောနဲ့ ဆွဲလာတဲ့ သင်္ဘောဖြစ်တယ်လို့ စင်ကာပူနိုင်ငံအခြေစိုက် Smith Salvage Company က မြန်မာ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ကို အကြောင်းကြားထားပါတယ်။သဘောၤဟာ အမြင်အရ ဟောင်းနွမ်းနေပြီဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ်မှာ သံတိုသံစအဖြစ် ထုခွဲဖျက်ဆီးဖို့ သယ်လာတာ ဖြစ်နိုင်ကြောင်း ရေကြောင်း ဆိုင်ရာ ကျွမ်းကျင်သူတွေကသုံးသပ်ထားပြီး၊ မြန်မာကမ်းခြေဘက် မျောပါလာတာမျိုး ဒါမှမဟုတ် ဆွဲယူမရလို့ စွန့်ပစ်သွားခဲ့မျိုး ဖြစ်နိုင်တယ် လို့ သုံးသပ်ကြပါတယ်။ ဒီလိုကြီးမားတဲ့ နိုင်ငံခြားကုန်တင် သဘောၤကြီးတစင်း မြန်မာရေပိုင်နက်ထဲ ဝင်ရောက်လာတာကို တာဝန်ရှိသူတွေ ဘက်က ကြိုတင် မသိခဲ့ဘူးဆိုတဲ့သတင်းတွေကြောင့် လုံခြုံရေးအရသတိရှိသင့်တယ်ဆိုပြီး ပင်လယ်ပြင်ဆိုင်ရာ ကျွမ်းကျင်သူ တချို့က သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG