သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားမှာ အသေခံဗုံး ထပ်ပေါက်ကွဲ


အင်ဒိုနီးရှားနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့တော် Surabaya မှာ လူငါးဦးပါတဲ့မိသားစုတခုက ရဲဌာနချုပ်တခုကို တနင်္လာနေ့ တုန်းက အသေခံဗုံးခွဲတိုက်ခိုက်မှုတခုလုပ်ခဲ့တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ကပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် လူ ဆယ်ဦးဒဏ်ရာရခဲ့ပါတယ်။ ရုပ်မြင်သံကြားမှာပြသတဲ့ရုပ်ပုံတွေထဲမှာတော့ ပေါက်ကွဲမှုမဖြစ်ခင် စစ်ဆေးရေးဂိတ်တခု အပေါ်ကို မော်တော်ဆိုင်ကယ်၂စီးတက်လာတာကိုမြင်ရပါတယ်။

IS စစ်သွေးကြွအဖွဲ့က ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်လို့ဆိုပါတယ်။ဒဏ်ရာရသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင်လေးဦးနဲ့ အရပ်သား၆ဦးပါဝင်ပါတယ်။ တိုက်ခိုက်မှုမှာ ၈နှစ် သမီးတဦးက အသက်ရှင်လွတ်မြောက်တယ်လို့အာဏာပိုင်တွေကပြောပါတယ်။

ဒီတိုက်ခိုက်မှုမတိုင်ခင် တရက်အလွန် တနင်္ဂနွေနေ့တုန်းကလည်း အဲဒီဆူရာဘာယမြို့မှာပဲ မိသားစုဝင်၆ဦးရဲ့အသေခံဗုံးခွဲတိုက်ခိုက်မှုရှိခဲ့ပါသေးတယ်။ ခရစ်ယာန်ဘုရားကျောင်းသုံးခုကို ပစ်မှတ်ထားပြီးတိုက်ခဲ့တာပါ။ အဲဒီ တိုက်ခိုက်မှုကြောင့် လူ၁၃ဦးသေဆုံးပြီး ၄၁ဦး ဒဏ်ရာရခဲ့ ကြပါသေးတယ်။

အခုတော့ အင်ဒိုနီးရှားက မြို့ကြီးတွေအားလုံး မှာ သတိပေးချက်တွေထုတ်ပြန်ထားပါတယ်။ တနင်္ဂနွေ နေ့က တိုက်ခိုက်မှုဟာလည်း သူတို့ရဲ့လက်ချက်ပဲလို့ IS စစ်သွေး ကြွအဖွဲ့ကကြေညာပါတယ်။ တနင်္ဂနွေနေ့တုန်းက တိုက်ခိုက်တဲ့မိသားစုဟာ မကြာသေးခင်ကပဲ ဆီးရီးယားနိုင်ငံကနေ အင်ဒိုနီးရှားကိုပြန်လာကြတဲ့သူတွေဖြစ်ပြီး ဒီတိုက် ခိုက်မှုတွေဟာ ရိုင်းစိုက်ကြမ်းကြုတ်တဲ့လုပ်ရပ်ပဲလို့ အင်ဒိုနီးရှားသမ္မတ ကပြောပါတယ်။

တိုက်ခိုက်သူတွေထဲမှာ မိခင်တဦး၊ ဖခင်တဦး၊ ၉နှစ်နဲ့၁၂နှစ်အရွယ်သမီး၂ဦး၊ ဆယ်ကျော်သက်အရွယ် သား၂ဦးတို့ပါဝင်ပြီး သူတို့ဟာ IS စစ်သွေးကြွနဲ့ဆက် စပ်မှုရှိတဲ့ Jemaah Ansharut Daulah အုပ်စုနဲ့ဆက်နွယ်သူတွေ ဖြစ်ကြတယ်လို့ အင်ဒိုနီးရှား ရဲချုပ်ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG