သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို အင်ဒိုနီးရှား စစ်လက်နက်များ ရောင်းချမည်


အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပူနိုမို ယူရှန်တိုရို။ ဇူလိုင် ၂၂၊ ၂၀၁၀။
အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပူနိုမို ယူရှန်တိုရို။ ဇူလိုင် ၂၂၊ ၂၀၁၀။

အင်ဒိုနီးရှားနိုင်ငံက မြန်မာပြည်ကို လက်နက်တွေ ရောင်းချဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ အဖွဲ့အစည်းတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရတက်မအေး ဖြစ်နေကြရပါတယ်။ အပြည့်အစုံကို ဦးစံမိုးဝေက တင်ပြပေးထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ထုတ်လုပ်တဲ့ SS-2 အမျိုးအစား တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်တွေကို မြန်မာနိုင်ငံကို ရောင်းချဖို့ ကမ်းလှမ်းထားတယ်ဆိုပြီး အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပူနိုမို ယူရှန်တိုရို (Purnomo Yusgiantoro) က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဂျကာတာမြို့တော်မှာ ကျင်းပခဲ့တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအပြီး ကြာသပတေးနေ့မှာ အခုလို ပြောလိုက်တာ ဖြစ်တယ်လို့ ဂျကာတာပို့စ် (The Jakarta Post) သတင်းစာက ရေးသားလိုက်တာပါ။

အင်ဒိုနီးရှားရဲ့ လက်နက်ရောင်းဝယ်မှု ကိစ္စကို နိုင်ငံပိုင် လက်နက်ထုတ်လုပ်တဲ့ ပီတီ ပင်းဒက် (PT Pindad)၊ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ကာကွယ်ရေးပစ္စည်း မူဝါဒ ကော်မတီတို့ ပူးပေါင်းပြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ဥပဒေ အနေနဲ့ အာဆီယံတိုင်းပြည်တွေ အပါအဝင် ဘယ်နိုင်ငံကိုမဆို လက်နက်ရောင်းချလို့ ရပါတယ်၊ ကန့်သတ်ထားတာ မရှိပါဘူးလို့လည်း ကာကွယ်ရေးဝန်ကြီးရဲ့ အထူး လက်ထောက်အရာရှိ ဗိုလ်မှူးကြီး ဂျန် ပီယက်တာ အိတ် (Jan Pieter Ate) က ပြောတဲ့အကြောင်း ဂျကာတာပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။

အဲဒီလက်နက်နဲ့ တခြားတိုင်းပြည် တခုကို ရန်မရှာဘူးလို့ ယုံကြည်ရတယ်ဆိုရင် အင်ဒိုနီးရှား အနေနဲ့ လာအိုပဲဖြစ်ဖြစ်၊ မလေးရှားပဲဖြစ်ဖြစ်၊ ဗီယက်နမ် ဘယ်သူ့ကိုမဆို ရောင်းချနိုင်ပါတယ်လို့ ဗိုလ်မှူးကြီး ဂျန်က ဆိုပါတယ်။ အဲဒီအဆိုကို Burma Campaign UK အဖွဲ့ရဲ့ ဒါရိုက်တာ မာ့ခ် ဖာမနာ (Mark Farminer) ကတော့ လက်မခံပါဘူး။

“မြန်မာပြည်က အာဏာရှင်တွေဟာ စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်တွေ အပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုတွေကို လုပ်ဆောင်နေကြသူတွေ ဖြစ်ပါတယ်။ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်နေကြသူတွေ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး စောင့်ကြည့်သူ ကိုယ်တိုင်က ဒီလိုပြစ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ လိုအပ်နေပြီ ဆိုပြီး အကြံပြုထားတာပါ။

“အဲဒီတော့ ဘယ်တိုင်းပြည်ပဲဖြစ်ဖြစ် မြန်မာပြည်က အာဏာရှင်ကို လက်နက်ရောင်းချသူဟာ အာဏာရှင်တွေရဲ့ စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှု၊ လူသားမျိုးနွယ်တွေ အပေါ်မှာ ကျူးလွန်နေတဲ့ ပြစ်မှုတွေကို ကူညီ ပံ့ပိုးနေတာပဲ ဖြစ်ပါလိမ့်မယ်။”

အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပူနိုမိုကတော့ မြန်မာနိုင်ငံဟာ အပြောင်းအလဲတွေ ဖြစ်နေပါပြီ၊ ရွေးကောက်ပွဲလည်း ပြုလုပ်ပြီး ဖြစ်ပါတယ်လို့ ပြောဆိုနေပါတယ်။ Burma Campaign ရဲ့ ဒါရိုက်တာ မာ့ခ် ဖာမနာကတော့ ဘယ်တိုင်းပြည်ဖြစ်ဖြစ် မြန်မာအစိုးရကို လက်နက်ရောင်းချသူ မှန်သမျှ အရှက်တကွဲ အဖြစ်နဲ့ ကြုံရမှာပဲလို့ ဆိုပါတယ်။

“Burma Campaign UK အနေနဲ့ကတော့ မြန်မာစစ်အစိုးရကို နိုင်ငံတကာ အတိုင်းအတာနဲ့ လက်နက် မရောင်းချဖို့၊ လက်နက် ရောင်းချနေမှုကို ပိတ်ဆို့ဖို့ တောင်းဆိုနေတာ ကြာပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒီလက်နက်တွေကို အသုံးပြုပြီး အရပ်သားတွေကို တိုက်ခိုက်နေတာ ဖြစ်လို့ပါ။ အင်ဒိုနီးရှားပဲဖြစ်ဖြစ်၊ တခြား ဘယ် အာဆီယံ တိုင်းပြည်ကပဲဖြစ်ဖြစ် ဒီလို အာဏာရှင်ကို လက်နက် ရောင်းချတာဟာ လုံး၀ မျက်နှာပျက်စရာ အရှက်တကွဲ ဖြစ်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့လက်မှာ မြန်မာနိုင်ငံသားတွေရဲ့ သွေးတွေ စွန်းပေသွားမှာကြောင့် ဖြစ်ပါတယ်။”

အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးရဲ့ အထူးလက်ထောက် ဗိုလ်မှူးကြီး ဂျန်ကတော့ ဒီလက်နက် ရောင်းချမှုကနေ မြန်မာ့ဒီမိုကရေစီရေး ဖြစ်စဉ်ကို အားပေးရာ ရောက်ပါတယ်လို့ ပြောဆိုသွားပါတယ်။

XS
SM
MD
LG