အင်ဒိုနီးရှား နိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေကြတဲ့ မြန်မာ ရေလုပ်သားတွေ ကို နိုင်ငံသား စိစစ်ပြီး ဌာနေပြန်ပို့ပေးနေတယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက ပြောဆိုပါတယ်။ ထိုင်းငါးဖမ်းလုပ်သား မှတ်ပုံတင်ကတ်တွေနဲ့ အင်ဒိုနီးရှားနိုင်ငံ ဘက်မှာ တရားမဝင် လာရောက် အလုပ် လုပ်ကိုင်ကြ တဲ့ မြန်မာနိုင်ငံ သား တံငါသည်တွေထဲက ပြန်လိုသူတွေ ကို မြန်မာသံရုံး က တာဝန်ယူပြီး ပြန်ပို့ပေးနေတာ ဖြစ်ပြီး ဌာနေပြန်ဖို့ စောင့်ဆိုင်းနေသူတွေလည်း ရှိနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ဌာနေပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေ ကို မြန်မာသံရုံးနဲ့ ဘယ်လို ဆက်သွယ်ဆောင်ရွက်နိုင်မလဲ ဆိုတာကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။
အင်ဒိုနီးရှား ငါးဖမ်းလုပ်ငန်းတွေမှာ တရားမဝင် လုပ်ကိုင်နေကြတဲ့ မြန်မာ တံငါသည်တွေ ကို အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက နိုင်ငံသား စိစစ်ပြီး ပြန်လည် ပို့ဆောင်ပေးနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးရဲ့ တတိယ အတွင်းဝန် ဦးခင်အောင်ဝင်းက မြန်မာရေလုပ်သားတွေကို ပြန်ပို့နေတဲ့ အခြေအနေကို အခုလို ပြောပါတယ်။
"သံရုံးဘက်ကတော့ ဒီရေလုပ်သားတွေ အားလုံး ပြန်ပို့ဖို့ အချိန်တန်၊ ပြီးတော့ အဆင်ပြေတဲ့သူတွေကို ပြန်ပို့ပေးပါတယ်။ ကျနော်တို့ ကတော့ အဓိက အဲဒီကဏ္ဍကို လုပ်ပေးတာပါ။ နောက်ပိုင်းပို့ပေးနေတာလည်း မြန်မာ ရေလုပ်သား အစစ်တွေပါဘဲ ခင်ဗျ။ နောက်ထပ်ပို့ဆိုတာကတော့ အခုလောလောဆယ်ကတော့ အထိုက် အလျောက် ကျန်သေးတယ် ခင်ဗျ။ အမ်ပုံကျွန်းက သူ့ရဲ့ GeographicalLocation အရ ငါးဖမ်းသမားတွေက အဲဒီမှာ များသောအားဖြင့် မြန်မာတွေ ရှိတယ် ခင်ဗျ။ တခြား ထိုင်းတို့ ကမ္ဘောဒီးယားတို့လည်း ရှိကြပါတယ်။ အဲဒီမှာ ပြန်ချင်တဲ့ မြန်မာတွေကို ကျနော်တို့ ပြန်ပို့ပေးပါတယ်ခင်ဗျ။ ကျနော်တို့ကတော့ အခု ဆယ်ဂဏန်းလောက် ပြန်ပို့နေတာပေါ့ ခင်ဗျ။ ၂၀ ကျော်ပို့လိုက် ကျနော်တို့က National Identification က တပြိုင်တည်း အကုန်ရတာ မဟုတ်ဘူးခင်ဗျ။"
အင်ဒိုနီးရှားနိုင်ငံ အမ်ပုံမှာ ရှိနေကြတဲ့ မြန်မာ ရေလုပ်သားတွေကို နိုင်ငံသား စိစစ်ပြီး ပြန်လည် ပို့ဆောင်ပေးနေတာ ဖြစ်တယ် လို့ မြန်မာသံရုံးက ပြောဆို ပါတယ်။ မြန်မာ ငါးဖမ်းသမားတွေဟာ ထိုင်းငါးဖမ်းလုပ်ငန်းတွေကနေ တဆင့် အင်ဒိုနီးရှားကို ရောက်ရှိလာကြတာ ဖြစ်တယ်လို့ မြန်မာ ရေလုပ်သားတွေ ဌာနေပြန်နိုင်ရေး တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ သံရုံး တာဝန်ခံ တဦးက ပြောပါတယ်။
"တရားဝင်လို့တော့ ပြောလို့ မရဘူးပေါ့နော်။ သူတို့က ထိုင်းဘက်ကနေပြီးတော့ သူတို့ အေးဂျင့်ကနေပြီးတော့ ခေါ်လာတယ်။ ခေါ်လာပြီးတော့ အဲဒီ အင်ဒိုနီးရှား ငါဖမ်း သဘောၤပေါ်မှာ အလုပ်လုပ်တာ သူတို့ ထိုင်းတွေဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်တာ။ ဟိုဘက်က ထိုင်းဘက်က ခေါ်လာပြီးတော့ ထိုင်း ငါးဖမ်း အလုပ်သမားကတ်နဲ့ သူတို့က လုပ်တာ။ မြန်မာတွေကို ထိုင်းဆိုပြီးတော့ သူတို့က ဒီမှာ ခေါ်ခိုင်းထားတာပေါ့နော်။"
အင်ဒိုနီးရှားနိုင်ငံ မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ဌာနေပြန်နိုင်ရေးကို အင်ဒိုနီးရှားနိုင်ငံ မြန်မာသံရုံးကို တိုက်ရိုက် ဆက်သွယ်နိုင်သလို အင်ဒိုနီးရှား လူဝင်မှု ကြီးကြပ်ရေး ဌာန၊ နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားရေးရာ အဖွဲ့ IOM တို့နဲ့လည်း ဆက်သွယ် ဆောင်ရွက်နိုင်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးရဲ့ တတိယ အတွင်းဝန် ဦးခင်အောင်ဝင်းက ပြောပါတယ်။
"သူတို့က ကျနော်တို့ကို ဒါရိုက် ဆက်သွယ်တာလည်း ရှိတယ် ခင်ဗျ။ မြန်မာတွေက ကိုယ့်သံရုံးဆိုတော့လေ။ IOM ကိုလည်း သူတို့ ဆက်သွယ်တာ ရှိတယ်။ သူတို့ ဒီလိုခင်ဗျ။ သူတို့ က ပထမဆုံး အမ်ပုံရဲ့ Immigration ကို အကြောင်းကြားတယ်ပေါ့။ အမ်ပုံ Immigration ကနေပြီးတော့ ကျနော်တို့ဆီကို တရားဝင် စာနဲ့ အကြောင်းကြားပါတယ်။ ကြားတဲ့ အခါကျမှ ကျနော်တို့က ဂျကာတာမှာ ရှိတဲ့ IOM နဲ့ ပူးပေါင်းပြီးတော့ IOM ရဲ့ အကူအညီရော ကျနော်တို့ သံရုံးရဲ့ တတ်နိုင်သမျှ အကူအညီရောပေါ့နော်၊ ကျနော်တို့ သံရုံးဘက်က လုပ်နိုင်တာတွေ အကုန်လုံးပေါ့နော် ပူးပေါင်းပြီး ဆောင်ရွက်ပြီး ပြန်ပို့တာပေါ့နော်။"
မြန်မာနိုင်ငံသား စိစစ် အတည်ပြုချက် ရရှိပြီးသား မြန်မာနိုင်ငံသားတွေ ကို မြန်မာနိုင်ငံကို ဆက်တိုက် ဆိုသလို ပြန်လည်ပို့ဆောင်ပေးနေပြီး ဌာနေပြန်ဖို့ အင်ဒိုနီးရှားနိုင်ငံ အမ်ပုံမှာ စောင့်ဆိုင်းနေကြသူတွေလည်း ရှိနေဆဲ ဖြစ်တယ်လို့လည်း အင်ဒိုနီးရှားဆိုင်ရာ မြန်မာ သံရုံးက ပြောပါတယ်။
အမေရိကန် သတင်းအေဂျင်စီ AP ရဲ့ စုံစမ်းဖော်ထုတ်မှု အရ အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီးနား ကျွန်းအပါအဝင် အနီးအနား ကျွန်းတွေမှာ ကျွန်ပြုခိုင်းစေခံရတဲ့ ငါးဖမ်းသမားတွေကို ဖော်ထုတ် ကယ်တင်နိုင်ခဲ့တဲ့ အထဲမှာ မြန်မာနိုင်ငံသား ၅၀၀ ကျော်တို့ပါရှိခဲ့ပြီး ဒီလူတွေ အားလုံးတို့ကိုတော့ မြန်မာနိုင်ငံ ကို ပြန်လည်ပို့ဆောင်ပြီးလည်း ဖြစ်ပါတယ်။
အင်ဒိုနီးရှားရဲ့ ဝေးလံခေါင်သီတဲ့ ကျွန်းတွေပေါ်မှာ လူပေါင်း ရာနဲ့ချီ ကျွန်ပြုခိုင်းစေခံရမှု ပေါ်ပေါက် ခဲ့ပြီးနောက်ပိုင်းမှာ အင်ဒိုနီးရှား အစိုးရဘက်ကလည်း ငါးလုပ်ငန်းတွေကို ပိုပြီး တင်းကျပ်လာပြီး တရားမဝင် ငါးဖမ်းသမားတွေကို ဌာနေပြန်ပို့ရေး တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။