သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်မထပ်ခင် ချိန်းမတွေ့ရေး အင်ဒိုနီးရှားလှုပ်ရှားမှု


အိမ်ထောင်ပြုလိုက်ကြသည့် အသက် ၁၅ နှစ်အရွယ် အင်ဒိုနီးရှား ကလေးငယ်နှစ်ဦး
အိမ်ထောင်ပြုလိုက်ကြသည့် အသက် ၁၅ နှစ်အရွယ် အင်ဒိုနီးရှား ကလေးငယ်နှစ်ဦး

အင်ဒိုနီးရှားနိုင်ငံမှာ သမီးရည်းစားတွေကြား လက်မထပ်ခင် ချိန်းမတွေ့ကြဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတခုလူမှုကွန်ယက် မီဒီယာပေါ်မှာ ခေတ်စားနေပါတယ်။ ဒီလှုံ့ဆော်မှုကို အသက် ၂၆ နှစ်အရွယ် စာရေးဆရာ La Ode Munafar က လွန်ခဲ့တဲ့၂နှစ်က စလုပ်ခဲ့ တာဖြစ်ပြီး အင်ဒိုနီးရှားလူငယ်တွေ အနေနဲ့ ချိန်းတွေ့တဲ့အဆင့်ကိုကျော်ပြီး၊ တခါထဲ အိမ်ထောင်ပြုကြဖို့ သူက တိုက်တွန်းပါတယ်။

အစ္စလမ်ယဉ်ကျေးမှုထွန်းကားတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဒီလှုံ့ဆော်မှုအဖွဲ့ကတင်တဲ့ Post ကိုလူကြိုက်များပုံရပါတယ်။ Facebook မှာ Like လုပ်သူ ၂ သိန်းကျော်ရှိပြီး၊ Instagram မှာလည်း စောင့်ကြည့်ပရိသတ် Follower ၃ သိန်းကျော် ရှိပါတယ်။ လူငယ်မျိုးဆက်တွေ ဟာ ကံကြမ္မာဆိုးကို ကြုံစေမယ့် ချိန်းတွေ့တဲ့ ယဉ်ကျေးမှုရဲ့ သားကောင်တွေ ဖြစ်သွား မှာကို သူ့အနေနဲ့ စိုးရိမ်မိတာကြောင့် ဒီလှုံ့ဆော်မှုကို စခဲ့ရတာ ဖြစ်တယ်လို့ စာရေးဆရာ Munafar ကပြောပါတယ်။ သမီးရည်းစား ချိန်းတွေ့တာဟာ တခဏတာ ခံစားမှု အတွက်သာ ဖြစ်ပြီး၊ ငွေကုန် အချိန်ကုန် လူပန်း ဖြစ်ရတယ်လို့ သူကပြောပါတယ်။

ချိန်းတွေ့တာကို ဆန့်ကျင်တဲ့လှုပ်ရှားမှု ကြီးထွားလာနေတဲ့ တချိန်ထဲမှာပဲ အလယ်တန်း ကျောင်းသား-ကျောင်းသူလေး ၂ ဦး အိမ်ထောင်ပြု သွားတဲ့ သတင်းနဲ့ အသက်(၁၆)နှစ် အရွယ် ကောင်လေးနဲ့ အသက်(၇၁)နှစ်အရွယ် အမျိုးသမီးတို့ ယူလိုက်ကြတဲ့ သတင်းတွေလဲ ဆူမားထရား ကျွန်းမှာ ထွက်ပေါ်လာပါတယ်။ ဒီသတင်းတွေက ဟိုးလေးတကျော်ဖြစ်သွားပြီး၊ အသက်မပြည့်သေးပဲ ကလေးတွေ အိမ်ထောင်ပြုတဲ့ ပြဿနာ အင်ဒိုနီးရှားမှာ အတော်ကြီးမားနေပါတယ်။ ကုလသမဂ္ဂ ကလေးများရံပုံငွေ UNICEF ကကောက်ခံတဲ့ စာရင်းတွေ အရ၊ အသက် ၁၈ နှစ်မတိုင်ခင် မိန်းကလေးငယ်တွေ အိမ်ထောင်ပြုသွားတဲ့နှုန်းဟာ ၁၄% ကနေ ၃၅ %ကြားရှိကြောင်း ပြည်နယ်အလိုက် ကွာခြားမှု ရှိကြောင်းဖေါ်ပြပါတယ်။ ချိန်းမတွေ့ပဲ၊ တခါထဲ အိမ်ထောင်ပြုကြဖို့- ဆိုတဲ့ လှုံ့ဆော်မှုကြောင့် အင်ဒိုနီးရှား လူ့အဖွဲ့အစည်းကို ပိုမို ဆိုးရွားလာစေမှာ ဖြစ်တယ်လို့ လူမှုဝန်ထမ်း လုပ်ဆောင်နေသူတွေက ထောက်ပြကြပါတယ်။

အသက်မပြည့်ပဲ ကလေးငယ်တွေ အိမ်ထောင်ကျသွားတဲ့ဖြစ်ရပ် အများဆုံး(၁၀)နိုင်ငံ ထဲမှာ အင်ဒိုနီးရှားနိုင်ငံလဲ ပါဝင်တာပါ။ အင်ဒိုနီးရှား နိုင်ငံမှာ ဥပဒေပြဌာန်းချက်အရ မိဘက ခွင့်ပြုခဲ့မယ်ဆိုရင် အသက်(၁၆)နှစ်ပြည့်သူ မိန်းကလေးနဲ့ အသက်(၁၉)နှစ် ပြည့်သူ ယောက်ျားလေးတို့ ထိမ်းမြားလက်ထပ်ခွင့် ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG