သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘောလုံးသင်း အင်ဒိုကို ၁ ဂိုး - ဂိုးမရှိနဲ့ရှုံး


အင်ဒိုနီးရှားက Rizky Ahmad Sanjaya Pellu (ယာ) နဲ့ ကျော်မင်းဦး (လယ်) တို့အား ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဘောလုံးပြိုင်ပွဲ၊ သုဝဏ္ဏကွင်းမှာ တွေ့ရစဉ်။ (ဒီဇင်ဘာ ၁၆၊ ၂၀၁၃)
အင်ဒိုနီးရှားက Rizky Ahmad Sanjaya Pellu (ယာ) နဲ့ ကျော်မင်းဦး (လယ်) တို့အား ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဘောလုံးပြိုင်ပွဲ၊ သုဝဏ္ဏကွင်းမှာ တွေ့ရစဉ်။ (ဒီဇင်ဘာ ၁၆၊ ၂၀၁၃)
အရှေ့တောင်အာရှ အာကစားပြိုင်ပွဲ ဘောလုံးပွဲတွေကို ဆက်လက် ကျင်းပနေတာမှာ အုပ်စု (B) က မြန်အသင်းရဲ့ နောက်ဆုံးပွဲစဉ်ကို ဒီကနေ့ ညနေက သုဝဏ္ဏအားကစားပြိုင်ပွဲမှာ ပြုလုပ်ခဲ့တဲ့တာမှာ အင်ဒိုနီးရှားအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပွဲစဉ် ပထမပိုင်း တလျှောက်လုံး အင်ဒိုနီးရှားအသင်းက မြန်မာအသင်းကို ဖိကစားခဲ့ပြီး ပင်နယ်တီရသွားတဲ့ အတွက် ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။ အခုလို ရှုံးနိမ့်သွားတဲ့အတွက် မြန်မာဘောလုံးအသင်း ပြိုင်ပွဲက ထွက်သွားရပြီး ဆီးမီးဖိုင်နယ်တက်မယ့်အရေးနဲ့ လွဲသွားခဲ့ရတာပါ။ အခုနောက်ဆုံး ကစားခဲ့တဲ့ ဘောလုံးပွဲအပါဝင် တခြား အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနောက်ဆုံးအခြေအနေတွေကိုသိရအောင် ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က အားကစားကလောင်ရှင် ဦးမြတ်သက်ကို ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို စပြောပါတယ်။

“အင်ဒိုနီးရှားပါပါတယ်ခင်ဗျ။ ကျနော်တို့က ထိုင်းနဲ့ကစားသလို သူတို့ကလည်း တီမောနဲ့ ရေကုန်ရေခမ်းကစားခဲ့ရတာပဲလေ။ ဒါပေမယ့် ကစားကွက်ကော၊ တစ်ဦးချင်း performance ကော၊ ခေါင်းအေးတာရောက အင်ဒိုနီးရှားက သာပါတယ်။ တိုက်စစ်ကစားကွက်ကို ကျနော်တို့က ကောင်းကောင်းကို ပုံမဖော်နိုင်ဘူးလေ။ အဲလိုဖြစ်သွားပါတယ်။ ကျော်ကိုကိုဝင်လာမှ နည်းနည်းလေး လှုပ်စပြုလာတယ်။ သို့ပေမယ့် ကျော်ကိုကိုဝင်လာပြီးနောက်ပိုင်းလည်း တောင်ပံတွေကနေ ကျနော်တို့မလုပ်နိုင်ဘူး။ အင်ဒိုက ပွဲပြီးခါနီးအထိ တောင်ပံတိုက်စစ်တွေ၊ အထူးသဖြင့် ဘယ်ခြမ်းကနေ ဘယ်လိုပဲပြောပြော အင်ဒိုနီးရှား---”

မေး။ ။ မြန်မာက အိမ်ရှင်အသင်းဖြစ်တဲ့အတွက်များ သူတို့မှာ ပရက်ရှာပိုများတဲ့အတွက်ကြောင့်များ အဲလိုမျိုး ဖြစ်သွားသလား။

“ပြောင်းပြန်အကျိုးသက်ရောက်မှုများ ရှိသွားလားပေါ့ဗျာ။ ကျနော်လည်း အဲဒါတွေးကြည့်တယ်။ ဘာလို့တုန်းဆိုတော့ နိုင်ချင်ဇောနဲ့ အားပေးသံတွေကလည်း တကွင်းလုံညံနေတာကိုး။ ညံနေတော့ ကောင်လေးတွေ ဖိအားကိုပဲ မခံနိုင်ဘဲဖြစ်ကုန်သလားပေါ့။ သို့သော်လည်း ကြားချပြီးကြည့်မယ်ဆိုရင်တော့လည်း ကျနော်တို့အနေနဲ့က အင်ဒိုနီးရှားခြေစွမ်းက ထိုက်တန်ပါတယ်။ ထိုင်းကို ဂိုးပြတ်ရှုံးတဲ့ပွဲနဲ့ လုံးဝ တခြားစီဖြစ်သွားတယ်။ ထိုင်းကို ဂိုးပြတ် သူတို့ရှုံးတဲ့ပွဲတုန်းက ဒီလောက်ကြီး ကစားကွက်လည်းမကောင်းဘူး။ တိုက်စစ်ပိုင်းမှာလည်း ထိုင်းကို သူတို့ ကောင်းကောင်း ကစားကွက်အရရော၊ တိုက်စစ်ဗျူဟာအရရော သူတို့ မယှဉ်နိုင်ဘူးဗျ။ နောက် အင်ဒိုနီးရှား ၂၃၊ ညာခြမ်းက လေးယောက်လောက် လိုက်ဖျက်တယ်။ မရဘူးဗျာ။ သူ ရအောင်လိမ်ခေါက်ပြီးတော့ ထွက်တာပဲ။ ကျနော်တို့ဆီက ကျော်ကိုကိုတောင် အဲဒီလို မထွက်နိုင်ဘူး။ ကျော်ကိုကိုမထွက်နိုင်တာလည်း ဒဏ်ရာရှိပုံရတယ်ဗျ။ ဒေးဗစ်ထန်းကလည်း ပထမပိုင်းတချိန်လုံးမှာ ဒဏ်ရာပဲရှိနေသလား။ ဘယ်လိုလဲမသိဘူး။ သူ့ဘက်ကလည်း တော်တော်အားလျော့တယ်။ သူ့လည်း လူလဲလိုက်ရတယ်။”

မေး။ ။ မြန်မာအသင်းက ကျနော်ကြည့်ရသလောက် ဂိုးသွင်းခွင့်ရပေမဲ့လည်း ပိုင်ပိုင်နိုင်နိုင် ဂိုးသမားအသည်းအသန် ဖမ်းရလောက်တဲ့အထိ ဂိုးတဲ့အောင် ကန်လိုက်နိုင်တဲ့ ဘောလုံးမရှိဘူး။

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ balance ပျက်နေတဲ့အချိန်မှာ ခေါင်းတိုက်ရတာတို့ - အဲလိုပေါ့ ထိထိမိမိ ဖိအားပေးနိုင်တာကို မရှိလိုက်ပါဘူး။ ကြည်လင်းကစားနိုင်ရင်တော့ ဒီလောက် ပျော့ဆင်းမသွားဘူးလို့ ထင်တယ်ဗျ။ ကြည်လင်းက တအားတိုးတယ်။ နောက်တစ်ခုက ခေါင်းတိုက်ဘောလုံးတွေ၊ ဒီဘက်ကနေ ဖြတ်တင်တာတွေဆိုရင် သူက ရလဒ်ကောင်းအောင် နေရာယူတာ၊ အတင်းဝင်လုံးတာ အဲဒါတွေက သိပ်ကြာတယ်ဗျ။”

မေး။ ။ ကျော်ကိုကိုကတော့ ဒုတိယပိုင်းမှာ သူက ဝင်ကစားတယ်နော်။

“ပါတယ်ခင်ဗျ။ ဒါပေမဲ့ ကျော်ကိုကို့ဆီလည်း ဘောလုံးမပို့နိုင်ဘူး။ အင်ဒိုဗျူဟာက ကျော်ကိုကို့ဆီ ဘောလုံးမရောက်အောင် ဖြတ်ထားတယ်ဗျာ။ ကျော်ကိုကို့ဆီ ရောက်သွားတာနဲ့ ၃ ယောက်လောက်နဲ့ ပိတ်ဆို့ထားလိုက်တယ်။ ကျော်ကိုကိုလည်း လှုပ်လို့မရဘူးပေါ့။”

မေး။ ။ ဟုတ်ကဲ့။ နောက်တစ်ခုက ပွဲပြီးခါနီးမှာ အနီကဒ်ပြပြီး အထုတ်ခံလိုက်ရတာကလည်း ဗမာအသင်းအတွက် ပိုပြီးတော့ နစ်နာစရာဖြစ်သွားတယ် ထင်ပါတယ်။

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ အဲဒါကလည်း တော်တော်လေးကို နစ်နာပါတယ်။ တိုက်ရိုက်အနီနဲ့ကို ထုတ်ပစ်တာလေ။ တကယ့်အချိန်မှာမှ အထုတ်ခံလိုက်ရသလို ဖြစ်သွားတာကိုး။”

မေး။ ။ ဟုတ်ကဲ့။ နောက်ဆုံး overall ပေါ့နော်- မြန်မာ SEA Games ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်မှာ မြန်မာအသင်းရဲ့ ဆုတံဆိပ်တွေနဲ့ ပတ်သက်လို့ရော အစောပိုင်းက ဆရာနဲ့ ကျနော်နဲ့ ပြောခဲ့ပါတယ်။ မြန်မာက စစချင်းမှာတော့ ဦးဆောင်နေတယ်၊ နောက်ပိုင်းမှာ ဆရာပြောသလိုပဲ တဖြည်းဖြည်းနဲ့အောက်ကို ကျလာပြီ။ နံပါတ် ၃ ကိုရောက်သွားပြီ။ အဲဒီဟာတွေ အနေအထားကရောခင်ဗျ။ ခပ်တိုတိုလေး ပြောပေးပါအုံး။

“နောက်ပိုင်း အိုလံပစ်အားကစားနည်းတွေ ဝင်လာတဲ့အချိန်မှာ ကျနော်တို့က အားနည်းတယ်လေ။ ပြေးခုန်ပစ်ဆိုရင် ကျနော်သိရသလောက်ပေါ့လေ-ကီလိုမီတာ ၂၀ လမ်းလျှောက်မှာ ရွှေ ၁ ခု ၊ ဒါပဲရသေးတယ်။ အရင်ခေတ်ကဆိုရင် ပြေးခုန်ပစ်ကကို ဆယ့်လေးငါးခု ယူနေကျလေ။ လက်ဝှေ့မှာဆိုလည်း အမျိုးသမီးလက်ဝှေ့၊ အမျိုးသားလက်ဝှေ့ ၁ ယောက်စီပဲရတယ်။ နောက် အလေးမမှာလည်း အရင်က ဦးချစ်မြတို့၊ ဦးထွန်းမောင်တို့၊ ဦးစန်းမြင့်တို့လက်ထက်တုန်းကဆိုရင် တောက်လျှောက် လေး-ငါး-ရှစ်ခု ယူတဲ့အချိန်မှာ အမျိုးသမီးတစ်ယောက်ပဲ ရွှေရထားတာ တွေ့ရတယ်။ ရေကူး၊ သေနတ်ပစ်၊ လက်ဝှေ့၊ အလေးမ၊ ပြေးခုန်ပစ်- အဲလို အိုလံပစ် အားကစားနည်းတွေမှာ တော်တော်လေး အားလျော့နေတာတော့ အမှန်ပါပဲခင်ဗျ။ အဲဒါကြောင့် ကျနော်တို့ တတိယနေရာကို ရောက်သွားတာ။ သို့သော်လည်း ရွှေဆု ၅၀- ၆၀ လောက်အထိတော့ ရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။ ရနိုင်ကောင်းပါသေးတယ်။”

အားကစားကလောင်ရှင် ဦးမြတ်သက်ဖြစ်ပါတယ်။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ အခုချိန်ထိ ဆုရရှိမှုဇယားမှာတော့ ထိုင်းနိုင်ငံ ရွှေ ၅၉ နဲ့ ပထမနေရာမှာ ရှိနေပြီး ဗီယက်နမ်က ရွှေ ၄၃ နဲ့ ဒုတိယ၊ မြန်မာက ရွှေ ၃၉ နဲ့ တတိယနေရာမှာ ရှိနေပါတယ်။ ပြိုင်ပွဲတွေအစမှာတော့ မြန်မာအသင်းက ဆုတံဆိပ်အများဆုံးနဲ့ ဦးဆောင်နေခဲ့ရာကနေ တဖြည်းဖြည်းနဲ့ တခြားနိုင်ငံတွေက အနောက်က လိုက်လာတာ ဖြစ်ပါတယ်။
XS
SM
MD
LG