သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားအရှေ့ပိုင်း အားပြင်းငလျင်လှုပ်


အင်ဒိုနီးရှားအရှေ့ပိုင်း အားပြင်းငလျင်လှုပ်

ဒီကနေ့မနက် အစောပိုင်းက အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်မှာ ပြင်းထန်တဲ့ ငလျင်တခု လှုပ်ခတ်ခဲ့လို့ နိုင်ငံအရှေ့ပိုင်းကို ရိုက်ခတ်ခဲ့ပါတယ်။

ပါပူအာကမ်းလွန် အနောက်တောင်ဘက်က Kepulauan Aru ကျွန်းစုက ဒိုဘိုဒေသရဲ့ အနောက်မြောက်ဘက် ၆၅ မိုင် အကွာမှာ ဗဟိုပြုပြီး ၇.၂ ပြင်းအားရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တာလို့ အမေရိကန် ဘူမိဗေဒ တိုင်းထွာရေး စခန်းက ပြောပါတယ်။

ပင်လယ်ရေမျက်နှာပြင်အောက် ၇ မိုင်ခွဲလောက် အနက်မှာ ဗဟိုပြုပြီး မနက် ၂ နာရီ ၁၀ မိနစ်က ငလျင်လှုပ်ခဲ့တာလို့လည်း ပြောခဲ့တာပါ။

အင်ဒိုနီးရှား မိုးလေ၀သဌာနနဲ့ ဘူမိဗေဒ ဌာနတွေက ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပေမဲ့ ငလျင်လှုပ်ခတ်ပြီး ၁ နာရီခွဲ အကြာမှာတော့ ပြင်းထန်တဲ့ ရေလှိုင်းဒဏ် ခံရနိုင်တဲ့ အခြေအနေတွေကို လွန်မြောက်သွားပြီ ဆိုပြီး ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

ပစိဖိတ်ဒေသ ဆူနာမီ သတိပေးရေး ဌာနကတော့ ငလျင်ဟာ နယူးဂီနီကျွန်းနဲ့ သြစတြေးလျ မြောက်ပိုင်း ဒေသကြားက အလှမ်းဝေးတဲ့ ဒေသမှာ လှုပ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ငလျင်ကြောင့် အနီးအနားမှာရှိတဲ့ Maluku ကျွန်းအနီး Tual မြို့မှာပါ လှုပ်ခတ်သွားခဲ့ပေမဲ့ ဒီဒေသကနေ သတင်းပေးပို့ချက် တစုံတရာတော့ မရဘူးလို့လည်း အင်ဒိုနီးရှား မိုးလေ၀သဌာန တာဝန်ရှိသူတဦးက AP သတင်းဌာနကို ပြောဆိုခဲ့တာပါ။

ထိခိုက်ဒဏ်ရာ ရတာတွေ၊ ပျက်စီးတာတွေနဲ့ ပတ်သက်တဲ့ သတင်းတွေလည်း မကြားရသေးပါဘူး။

XS
SM
MD
LG