အင်ဒိုနီးရှားနိုင်ငံမှာ တနင်္လာနေ့ နှောင်းပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် လူပေါင်း ၂၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၆၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားပြည်နယ် အနောက်ဘက် မန်တာဝေ ကျွန်းဆုနားမှာ ပြင်းအားအဆင့် ၇.၇ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ပြီး ကြီးမားတဲ့ လှိုင်းလုံးတွေ ပုတ်ခတ်မှုဒဏ်ကြောင့် သေဆုံး၊ ပျောက်ဆုံးမှုတွေ ရှိပါတယ်။
အင်္ဂါနေ့မှာ သေဆုံး၊ ပျက်စီးမှု သတင်းတွေ စပြီး ရခဲ့ပေမဲ့ သေဆုံးသူဦးရေဟာ အခုထက် ပိုလာမယ်လို့ မျှော်လင့်ရပါတယ်။
သဘာဝ ဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ စီမံခန့်ခွဲရေး အဖွဲ့ကတော့ အခုထိရရှိတဲ့ သတင်းတွေအရ အလောင်း ၂၃ လောင်း တွေ့ရှိခဲ့ပြီး ကမ်းခြေဒေသ ရွာတွေမှာ လူပေါင်း ၁၆၇ ဦး ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။
ဘော်ဂါဒီကျွန်းမှာ အဆိုးဝါးဆုံး ဒဏ်ခံရပြီး ပင်လယ်ဒီလှိုင်းဟာ ၁၀ ပေအထိ မြင့်တက်ခဲ့ပြီး ကမ်းခြေ ကိုက် ၆၅၀ အထိ ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဆီလာဝူးကျွန်းက မွန်တီရွာမှာ အိမ်ခြေ ၈၀% ပျက်စီးခဲ့ပါတယ်။
တချိန်တည်းမှာပဲ ရက်ပေါင်းများစွာ လှုပ်ရှားနေတဲ့ ဂျာဗားကျွန်းက မရာဘီ မီးတောင်ဟာ အင်္ဂါနေ့ နှောင်းပိုင်းမှာ ပေါက်ကွဲခဲ့ပါတယ်။ ၀န်းကျင်ကျေးရွာက ဒေသခံတွေကို ရက်အတော်ကြာကတည်းက ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။