သုံးရလွယ်ကူစေသည့် Link များ

အင်ဒိုနီးရှား မြေငလျင် သေဆုံးသူဦးရေ တိုး

  • ဗွီအိုအေ (မြန်မာဌာန)

အင်ဒိုနီးရှား မြေငလျင် သေဆုံးသူဦးရေ တိုး

အင်ဒိုနီးရှားသမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) ဟာ ဆူမားတြားကျွန်းအနီး အခုသီတင်းပတ်အတွင်း ငလျင်ဒဏ်နဲ့ ဆူနာမီ ပင်လယ်ရေလှိုင်းဒဏ် ခံလိုက်ရတဲ့ ဒေသတွေကို သွားရောက်မှာ ဖြစ်ပါတယ်။ အဲဒီ ငလျင်နဲ့ ဆူနာမီ ပင်လယ်ရေလှိုင်း ဒဏ်တွေကြောင့် သေဆုံးသူဟာ အခုချိန်အထိ ၃၄၃ ယောက် ရှိသွားပြီဖြစ်ပြီး နောက်ထပ် ထပ်တိုးလာဖွယ် ရှိပါတယ်။

ဆူမားတြားကျွန်း အနောက်ဘက် အခြမ်းမှာ ရှိတဲ့ မင်တာဝေကျွန်းက ကမ်းခြေတွေမှာ နောက်ထပ် သေဆုံးတဲ့ ရုပ်အလောင်းတွေကို ထပ်မံ ရှာဖွေတွေ့ရှိနေတယ်လို့ ဘေးဒုက္ခ ကယ်ဆယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ၉ ပေလောက်မြင့်တဲ့ ဆူနာမီ ပင်လယ်ရေလှိုင်းလုံးကြီး ရိုက်ခတ်ပြီးကတည်းက အနည်းဆုံး လူ ၃၃၈ ယောက် ပျောက်ဆုံးနေပါတယ်။ အဲဒီလူတွေကို ကယ်ဆယ်ရေး အဖွဲ့တွေက လိုက်လံ ရှာဖွေနေပြီး အစားအစာ၊ ရေ၊ အ၀တ်အထည်နဲ့ ရွက်ဖျင်တဲတွေ ပေးပို့ဖို့ လုပ်ဆောင်နေပါတယ်။

ဒါပေမဲ့ အဲဒီဒေသတွေမှာ ရာသီဥတု ဆိုးရွာနေတာကြောင့် ကယ်ဆယ်ရေး လုပ်သားတွေနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေဟာ ဗုဒ္ဓဟူးနေ့အထိ အဲဒီဒေသတွေကို ရောက်ဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ပြင်းအား ၇.၇ မဂ္ဂနီကျုရှိတဲ့ ငလျင်လှုပ်ခတ်ပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ ဆူနာမီ ရေလှိုင်းကြီးတွေ ဖြစ်လာခဲ့တာပါ။ ဒါပေမဲ့ အင်ဒိုနီးရှား အစိုးရ အနေနဲ့ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်တုန်းက အိန္ဒိယ သမုဒ္ဒရာထဲမှာ ဆူနာမီ ဖြစ်ပြီးကတည်းက စတင်လုပ်ဆောင်လာတဲ့ ဆူနာမီ သတိပေးတဲ့ စနစ်ကို အသုံးပြုခဲ့မယ်ဆိုရင် လူအတော်များများ အသက်ရှင်နိုင်တယ်လို့ မိုးလေ၀သနဲ့ ရာသီဥတု တိုင်းတာရေး ဌာနက တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG