အင်ဒိုနီးရှားနိုင်ငံမှာ ဗုဒ္ဓဟူးနေ့ကျင်းပမယ့် ရွေးကောက်ပွဲမှာ သမ္မတလောင်းဝင်ပြိုင်မယ့်သူတွေ နောက်ဆုံး မဲဆွယ်စည်းရုံးပွဲတွေကို အကြီးအကျယ် လုပ်ခဲ့ကြပါတယ်။ သမ္မတသက်တမ်းပြည့်တော့မယ့် သမ္မတ Joko Widodo နေရာအတွက် ဝင်ပြိုင်ကြမယ့်သူတွေကတော့ Jakarta အုပ်ချုပ်ရေးမှူးဟောင်း Anies Baswedan, Central Java ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Ganjar Pranowo နဲ့ အထူးတပ်ဖွဲ့ ဗိုလ်ချုပ်ကြီးဟောင်း Prabowo Subianto တို့ဖြစ်ကြပါတယ်။
Jakarta မြို့တော်နဲ့ Central Java ပြည်နယ် Solo မြို့တွေမှာ ပြုလုပ်ခဲ့ကြတဲ့ မဲဆွယ်ပွဲတွေမှာ သမ္မတလောင်းတွေကို ထောက်ခံသူတွေ အပြည့်လာရောက် ထောက်ခံမှု ပြသခဲ့ကြပါတယ်။ သမ္မတလောင်း ၃ ယောက်နဲ့ သူတို့ရဲ့ ဒုသမ္မတလောင်းတွေကြား စကားစစ်ထိုးပွဲကိုလည်း တနင်္ဂနွေနေ့ ညပိုင်းကျရင် ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်မှာဖြစ်ပါတယ်။
ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေထဲမှာ လူဦးရေ တတိယအများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ အင်မတန် လူကြိုက်များတဲ့ သမ္မတ Widodo ကသမ္မတသက်တမ်း ၂ ကြိမ်ပြည့်သွားတာမို့ ထပ်ပြီး ဝင်ပြိုင်လို့ မရတော့ပါဘူး။ သူ့ရဲ့သားကို ဒုသမ္မတလောင်းအဖြစ် ရွေးချယ်ထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း Prabowo Subianto ကိုထောက်ခံသူ သိသိသာသာများနေတယ်လို့ လူထုစစ်တမ်းတွေမှာ ဖော်ပြနေပါတယ်။
တချိန်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း Subianto အပေါ် ဝေဖန် ထောက်ပြမှုတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ မဲပေးကြမယ့် မဲဆန္ဒရှင် ၂၀၅ သန်းနီးပါးမှာ ထက်ဝက်ကျော်က အရင်အခြေအနေတွေကို မမှီလိုက်တဲ့ မျိုးဆက်သစ်လူငယ်တွေ ဖြစ်ကြပါတယ်။ ဒါကြောင့် သမ္မတလောင်းတွေ၊ ကိုယ်စားလှယ်လောင်းတွေက လူငယ်တွေအသုံးများတဲ့ Mobile app တွေ၊ K-pop ဂီတတွေ၊ Video game တွေအသုံးပြုပြီး မဲဆွယ် စည်းရုံးနေကြပါ