သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားရွေးကောက်ပွဲ အမှုထမ်း ၃၀၀ ကျော်လက်ပန်းကျသေဆုံး


အင်ဒိုနီးရှားရွေးကောက်ပွဲ
အင်ဒိုနီးရှားရွေးကောက်ပွဲ

ဧပြီလ အစောပိုင်းက ကျင်းပခဲ့တဲ့ အင်ဒိုနီးရှား ရွေးကောက်ပွဲအတွင်း ပင်ပန်းဖျားနာမှုဒဏ်ကြောင့် သေဆုံးခဲ့ရတဲ့ မဲရုံ ဝန်ထမ်းပေါင်း ၃၀၀ ကျော်ရှိခဲ့ပါတယ်။

မဲဆန္ဒရှင် သန်းပေါင်း ၁၉၀ ကျော်ရှိပြီး ကျွန်းပေါင်း ၁၇,၀၀၀ မှာ မဲရုံးပေါင်း ၈၀၀,၀၀၀ ကျော်မကရှိခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဧပြီလ ၁၇ ရက်နေ့က သမ္မတနဲ့ လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲတွေကိုကျင်းပခဲ့တာဖြစ်ပါတယ်။

KPU နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တနင်္လာနေ့ ထုတ်ပြန်တဲ့ စာရင်းအရ မဲရုံးဝန်ထမ်းအရာရှိပေါင်း ၃၁၁ ဦးသေဆုံးခဲ့ပြီး နောက်ထပ် ဝန်ထမ်းပေါင်း ၂,၂၃၂ ဦးဟာ ရွေးကောက်ပွဲ မဲအရေအတွက်မှာ ပါဝင်ကူညီခဲ့ပြီးနောက် အလုပ်ဖိစီးတဲ့ ပင်ပန်းဖျားနာမှု ဒဏ်ကို ခံစားခဲ့ကြရပါတယ်။

သေဆုံးရမှုအကြောင်းအရင်းတွေထဲမှာ ဝန်ထမ်းတွေ ခြေကုန်လက်ပမ်းကျပြီး နှလုံးရောဂါ ဝေဒနာခံစားခဲ့ရတာကြောင့်ဖြစ်တယ်လို့ KPU ကော်မရှင်နာမင်းကြီး Evi Novida Ginting က သတင်းဌာနတွေကိုပြောပြခဲ့ပါတယ်။

သေဆုံးသူတဦးချင်းစီရဲ့ ကျန်ရစ်တဲ့ ဆွေမျိုးသားချင်းတွေအတွက် လျော်ကြေးငွေ အမေရိကန် ဒေါ်လာ ၂,၁၀၀ စီပေးကြောင်းလည်း ကော်မရှင်နာမင်းကြီးက ဗွီအိုအေကိုပြောပါတယ်။ ဒါအပြင် ဆေးရုံးတွေနဲ့ အခြား ကျန်းမားရေးစောင့်ရှောက်ကုသပေးတဲ့နေရာတွေမှာ နာမကျန်းဖြစ်တဲ့ မဲရုံဝန်ထမ်းတွေကို အထူးဂရုစိုက် စောင့်ရှောက်ဖို့ အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနကနေ ဧပြီလ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

အင်ဒိုနီးရှား ရွေးကောက်ပွဲအနိင်အရှုံးစာရင်းတွေကို မေ လ ၂၂ ရက်နေ့မှာ ထုတ်ပြန်မှာဖြစ်ပါတယ်။ မဲရုံအထွက်ကောက်ခံခဲ့တဲ့ စစ်တမ်းတွေအရ လက်ရှိသမ္မတ"Jokowi" Widodo ဟာ ဒုတိယသက်တမ်းပြန်လည်ရွေးချယ်ခံရဖို့ ရှိနေပါတယ်။ Jokowi က မဲတွေရဲ့ ၅၅ % နဲ့ သူ့ပြိုင်ဖက် Prabowo က ၄၄ % ရရှိကြောင်း ဖေါ်ပြနေပါတယ်။ ဒီအကြိုစစ်တမ်းတွေကို ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေက ကောက်ခံခဲ့ကြတာဖြစ်ပြီး၊ အရင်တုန်းကလည်း အလားတူကောက်ခံချက်တွေ ခိုင်လုံမှုရှိတာတွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG