သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား လွှတ်တော်ရွေးကောက်ပွဲ ဆင်နွှဲ


အင်ဒိုနီးရှားနိုင်ငံမှာ ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်ရွေးကောက်ပွဲ ကနဦးရလဒ်တွေအရ အဓိက အတိုက်အခံ နိုင်ငံရေးပါတီက မဲအများစုကို ရရှိထားပါတယ်။

အတိုက်အခံပါတီ Democratic Party for Struggle (PDIP) ဟာ မဲအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းကို ရရှိထားပြီး သူ့နောက်မှာတော့ Golkar ပါတီနဲ့ Great Indonesia Movement Party တို့က ဒုတိယအများစု ရနေတာကို တရားဝင် မဖြစ်သေးတဲ့ မဲရလဒ်တွေက ဖော်ပြနေပါတယ်။

နိုင်ငံတော်အဆင့်နဲ့ ဒေသအဆင့် လွှတ်တော် နေရာပေါင်း ၂ သောင်းအတွက် နိုင်ငံရေးပါတီ ၁၂ ခုက ကိုယ်စားလှယ်ပေါင်း ၂ သိန်းကျော် ပါဝင်ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီ တခုအနေနဲ့ မဲစုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်း ဒါမှမဟုတ် လွှတ်တော်နေရာ ၂၀ ရာခိုင်နှုန်းကို အနိုင်ရရှိမှသာ သမ္မတလောင်းအဖြစ် ဝင် အရွေးခံခွင့် ရှိမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ တခြား နိုင်ငံရေးပါတီ တခုခု ဒါမှမဟုတ် ပါတီတွေနဲ့ ညွန့်ပေါင်းဖွဲ့ရမှာ ဖြစ်ပါတယ်။

ကနဦးအဆင့် မဲတွေအတိုင်းသာ အတည်ဖြစ်ခဲ့ရင်တော့ PDIP ပါတီအနေနဲ့ တခြား နိုင်ငံရေးပါတီ တခုနဲ့ မဟာမိတ်ဖွဲ့ပြီး သူ့ပါတီရဲ့ နာမည်ကြီး ကိုယ်စားလှယ် ဂျကာတာမြို့ အုပ်ချုပ်ရေးမှူး Joko Widodo ကို လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်တဲ့ အခွင့်အလမ်း ရှိနိုင်မှာ ဖြစ်ပါတယ်။

ဂျိုကိုဝီ လို့ လူသိများတဲ့ Widodo ဟာ အုပ်ချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ဂုဏ်သတင်းတွေကြောင့် အများ ထောက်ခံမှု ရနေသူ ဖြစ်ပါတယ်။ လေ့လာမှုစစ်တမ်းတွေအရကတော့ လက်ရှိ သမ္မတ Susilo Bangbang Yodhoyono ရဲ့ Democratic Party ဟာ အဆင့်မြင့် အရာရှိတွေကြား အဂတိ လိုက်စားမှုတွေကြောင့် ဒီရွေးကောက်ပွဲမှာ အရေးနိမ့်ဖွယ် ရှိနေပါတယ်။

ရွေးကောက်ပွဲ တရားဝင် ရလဒ်တွေကို မေလ ၉ ရက်နေ့မှာ ကြေညာမှာဖြစ်ပြီး သမ္မတ ရွေးကောက်ပွဲကိုတော့ ဇူလိုင်လ ၉ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။
XS
SM
MD
LG