အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ရေကြီး မြေပြိုကျတာ၊ လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်တာတွေ ကြုံခဲ့ရပြီးတဲ့နောက် ၊ လူ ၆၈ ယောက်ထက်မနည်းသေဆုံးပြီး၊ ၇ ထောင်ကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က မိုးအကြီးအကျယ်ရွာသွန်းရာကနေ ရေကာတာ ရေလျှံခဲ့စဉ်အတွင်း ၄၇ ယောက် ဒဏ်ရာရခဲ့တဲ့တချိန်တည်းမှာပဲ၊ ပျောက်ဆုံးနေတဲ့သူ ၇ ယောက်ကို ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဆက်လက်ရှာဖွေနေကြတယ်လို့ အင်ဒိုနီးရှားဘေးဒုက္ခကယ်ဆယ်ရေး အေဂျင်စီရဲ့ ပြောခွင့်ရကပြောပါတယ်။ ရေကြီးမှုကြောင့်အိမ်ခြေ ၅ ထောင်ကျော် ရေနစ်မြုပ်ခဲ့သလို၊ တံတားတွေ၊ ကျောင်းတွေ၊ နဲ့ ဘာသာရေး အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးပြီး၊ စပါးခင်းတွေလည်း ဧကထောင်နဲ့ချီပျက်ဆီးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
အခုအခါမှ ရေပြန်ကျသွားပြီးဖြစ်တာကြောင့် တချို့လူတွေကတော့ သူတို့ရဲ့ နေအိမ်တွေကို ပြန်နေကြပြီဖြစ်ပေမယ့်၊ လမ်းတွေ၊ အိမ်တွေမှာရှိနေတဲ့ ရွှံတွေကို ဖယ်ပစ်ဖို့အတွက် စက်ယန္တရားကြီးတွေကို သုံးပြီး ဖယ်ရှားနေရတယ်လို့ ပြောပါတယ်။ တချို့တွေကတော့ ဖြစ်သွားတဲ့ အဖြစ်အပျက်တွေအပေါ်မှာ စိတ်ဒဏ်ရာတွေရခဲ့တာကြောင့် ကယ်ဆယ်ရေးစခန်းမှာပဲ ဆက်ပြီးတော့ နေနေကြပြီး၊ အစားအစာ၊ ရေ၊ စောင် နဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ အရေးပေါ်လိုအပ်နေဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ဆူလာဝေစီကျွန်းမှာ ဖြစ်ခဲ့တဲ့ အဲဒီ သဘာဝဘေးဒုက္ခကြီးက အဲဒီခရိုင်ရဲ့ မြို့တော် Makassar အထိပါ ထိခိုက်မှုတွေရှိခဲ့ပါတယ်။