အင်ဒိုနီးရှားနိုင်ငံမှာ ပုံမှန်မဟုတ်တဲ့ မုတ်သုံမိုး ရက်ပေါင်းအတန်ကြာဆက်တိုက်ရွာသွန်းခဲ့တဲ့အတွက် မြို့တော် ဂျကာတာရဲ့ နေရာအတော်များများ ခါးလည်လောက် ရေဖုံးလွှမ်းမှုဖြစ်ပွားနေပြီး၊ အနည်းဆုံး လူ ၄ ဦး သေဆုံး သွားခဲ့ပြီး ဖြစ်ပါတယ်။ ထောင်နဲ့ချီတဲ့ မြို့ခံ ပြည်သူတွေမှာလည်း နေရေးထိုင်ရေး အခက်ခဲတွေ ကြုံတွေ့နေကြရပါတယ်။ အခုလိုရေတွေ ကြီးနေတဲ့အတွက် အစိုးရရုံးအများအပြားနဲ့ စီးပွားရေးလုပ်ငန်းတွေ တော်တော်များများ ကြာသာပတေးနေ့မှာ ပိတ်ထားကြရပါတယ်။
လူဦးရေ ၁၄ သန်းနေထိုင်တဲ့ မြိ့တော်ရဲ့ လမ်းတွေ အများအပြားမှာလည်း ရေတွေလျှံနေပြီး သွားလို့လာလို့ မရဖြစ်နေ ပါတယ်။
မိုးရွာသွန်းမှုဟာ လာမယ့်ရက်တွေအတွင်း ပိုမိုဆိုးရွားလာဖွယ်ရှိတယ်လို့ မိုးလေ၀သ ခန့်မှန်းချက်တွေမှာ ဖေါ်ပြနေပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး မိုးရွာသွန်းမှုလည်းဖြစ်ပါတယ်။ ရေတံခါးတွေနားမှာ မြင့်တက်လာနေတဲ့ ရေပမာဏဟာ အန္တရယ်ဖြစ်စေတဲ့ အနေအထားကို ရောက်နေပြီး ရေကြီးမှုဟာ မြို့ရဲ့တခြားနေရာတွေကို ပြန့်နှံ့သွားနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အခုချိန်အထိ လူပေါင်း ၂ သောင်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပါတယ်။