သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား ငလျင်ထိကျွန်း တပေနီးပါးမြင့်တက်


NASA နဲ့ကယ်လီဖိုးနီးယား နည်းပညာအင်စတီကျုတို့ ပူးပေါင်းလေ့လာချက်အရ ၁၀ လက်မ မြင့်တက်လာတဲ့ အင်ဒိုနီးရှားက ငလျင်ထိ ကျွန်းပြမြေပုံ။
NASA နဲ့ကယ်လီဖိုးနီးယား နည်းပညာအင်စတီကျုတို့ ပူးပေါင်းလေ့လာချက်အရ ၁၀ လက်မ မြင့်တက်လာတဲ့ အင်ဒိုနီးရှားက ငလျင်ထိ ကျွန်းပြမြေပုံ။

အင်ဒိုနီးရှားနိုင်ငံမှာ လူ ၄၀၀ နီးပါး သေဆုံးခဲ့တဲ့ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့ပြီး နောက်မှာ Lombok ကျွန်း ဟာ ၁၀ လက်မလောက်ထိ မြင့်တက်လာတယ်လို့ သိပ္ပံ ပညာ ရှင်တွေက ပြောပါတယ်။ အင်ဒိုနီးရှား သဘာ၀ ဘေးအန္တရာယ် ကယ်ဆယ်ရေး အေဂျင်စီ က ငလျင်အတွင်း သေဆုံးသူ ၃၂၁ ယောက်ရှိတယ်လို့ သတင်း ထုတ်ပြန်ပြီးနောက် တရက် ဒီကနေ့မှာတော့ သေဆုံးသူ ၃၈၇ ယောက်ထိ ရှိပြီလို့ ဆိုပါတယ်။

အခုအချိန်ထိတော့ ကယ်ဆယ်ရေးတွေဟာ အပျက်အစီးပုံတွေထဲမှာ အသက်ရှင် ကျန်နေ သူတွေကို လိုက်လံ ရှာဖွေနေဆဲဖြစ်ပြီး တချို့ကိုလည်း သင်္ဂြိုဟ်ပြီးပါပြီ။ သြဂုတ်လ ၅ ရက် နေ့က ငလျင်လှုပ်ခတ်အပြီး ဂြိုဟ်တုက ရိုက်ကူးခဲ့တဲ့ Lombok ကျွန်းရဲ့ပုံတွေကို NASA နဲ့ ကယ်လီဖိုးနီးယား နည်းပညာအင်စတီကျူက သိပ္ပံပညာရှင်တွေ ပူးပေါင်းပြီး အဖြေရှာခဲ့ရာမှာ ကျွန်းဟာ နဂိုရှိခဲ့တဲ့အနေအထားထက် ၁၀ လက်မလောက် ပိုမြင့်လာ တာကို တွေ့ရတာပါ။

ငလျင်ဗဟိုချက်မနဲ့ နီးတဲ့ ကျွန်းရဲ့အနောက်မြောက်အရပ်မှာ အခုလိုမြင့်တက်လာ တာ ဖြစ်ပြီး တခြားနေရာတွေ မှာတော့ ၂ လက်မကနေ ၆ လက်မထိ နိမ့်ဆင်းသွားပါတယ်။ ငလျင်ကြောင့် လူနေအိမ်ပေါင်း ၆,၈၀၀ လောက် ပျက်စီးသွားတဲ့အတွက် Lombok ကျွန်း မှာနေထိုင်သူ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ လူပေါင်း ၄ သိန်းနီးပါးဟာ အခုအခါမှာ အိုးအိမ်မဲ့ဖြစ် နေပါတယ်။

Laombok ကျွန်းမြောက်ပိုင်းက ခရိုင် ၃ ခုမှာ ခုချိန်ထိ အကူအညီတွေ မရောက်သေးဘူး လို့ ကယ်ဆယ်ရေး အေဂျင်စီ အရာရှိတွေကပြောဆိုပါတယ်။ အနောက် Nusa Tenggara ပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း အရေးပေါ်ကာလကို သြဂုတ်လ ၂၅ ရက်နေ့အထိ ၂ ပတ်ကြာ ရက်တိုးသတ်မှတ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ သီတင်းတပတ်နီးပါက လှုပ်ခတ်ခဲ့တဲ့ ၇ ရစ်ချ်တာစကေးရှိတဲ့ အင်အားပြင်းငလျင်ကြောင့် ဒေသခံတွေဟာ ဘေးဒုက္ခတွေ ရင်ဆိုင်နေရတဲ့ကြားကပဲ ဒီကနေ့မှာတော့ ဈေးဆိုင်တချို့ပြန်ဖွင့်လှစ်ပြီး အစားအသောက်တွေ ရောင်းချပေးပါတယ်။

အနီးနားက Bali အပန်းဖြေကျွန်းလောက် လာရောက်လည်ပတ်သူ သိတ်မများလှတဲ့ Lombok ကျွန်းမှာ သီတင်းတပတ်ကျော်ကာလအတွင်း အင်အားပြင်း ငလျင် ၃ ကြိမ် လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင် အကြိမ် ၅၀၀ ခန့်လှုပ်ခတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG